စရဖ တပ်ဖွဲ့ဝင် တစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး အထောက်အထားမဲ့ ဖမ်းဆီးထားသောရခိုင် လူငယ်သုံးဦးကို အမြန်ဆုံး လွတ်ပေးရန် အောက်တိုဘာ ၁၂ ရက်နေ့က စစ်တွေမြို့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တောင်းဆိုလိုက်သည်။
သူတို့ သုံးဦးကို အထောက်အထားမဲ့ ဖမ်းဆီးပြီး လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် ချုပ်ရက်ရမန်ယူသည့် အတွက် ယခုကဲ့သို့ တောင်းဆိုရခြင်း ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ တရားလွှတ်တော်ရှေ့နေလည်း ဖြစ်သူ ဦးထွန်းအောင်ကျော်က နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။
“အဓိကက အခုအဖမ်းခံထားရတဲ့ ခိုင်ဘိုဘိုရယ်၊အောင်ဇော်လင်းရယ်၊မေယုထွန်းတို့ဟာ အဲဒီအခင်းဖြစ်တဲ့ စက်တင်ဘာလ ၂၅၊၂၆ မှာ ရက်နေ့တွေမှာ သူတို့ မိတ်ဆွေတွေနဲ့ အတူရှိနေတာကို သူ့သူငယ်ချင်းတွေက သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ပြောတဲ့အတွက် အခု ဖမ်းဆီး ထားတာဟာ အထောက်အထားလုံးဝမရှိဘဲ ဖမ်းဆီးတာဖြစ်တယ်။ ဒီအတွက် အမြန်ဆုံးလွတ်ပေးဖို့ တောင်းဆိုပါတယ်”ဟု ဦးထွန်းအောင်ကျော် ကပြောသည်။
၎င်းသတင်းစာရှင်းလင်းပွဲတွင် စစ်တွေမြို့ လောကနန္ဒာအနီးရှိ ရုံးခန်းတစ်ခုတွင် ညနေ ၄ နာရီမှ ၅ နာရီထိ ပြုလုပ်ခဲ့ပြီး ဦးထွန်းအောင်ကျော်၊ မောင်ထွန်းစောသိန်း၊ ကိုကိုသန်းလိူင်နှင့် ကိုထွန်းနိုင်လင်းတို့ တက်ရောက်ရှင်းလင်းခဲ့ကြသည်။ သတင်းထောက်များအပါအဝင် လူပေါင်း ၂၅ ယောက်ခန့်တက်ရောက်ခဲ့ကြသည်ဟု သတင်းရရှိသည်။
“ ဒီသတင်းစာရှင်းလင်းပွဲကို အောက်တိုဘာလ ၁၂ ရက်စစ်တွေမြို့မှာ ရခိုင်လူငယ်တွေ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခံရနေရတဲ့ အပြင် တစ်ခြား လူငယ်တွေကိုလည်း လိုက်လံစောင့်ကြည့်ခံရနေရတာတွေရှိနေတဲ့ အတွက် သတင်းစာ ရှင်းလင်းပွဲ လုပ်ရတာ ဖြစ်ပါတယ်။ လူငယ် သုံးယောက် အခုအဖမ်းဆီးခံရတာက တပ်ကြပ်ဖိုးလုံး သေနတ်နဲ့ ပစ်ခံရတဲ့ကိစ္စနဲ့ပတ် သက်ပြီး မသင်္ကာလို့ ဖမ်းတယ်လို့။ ပြီးတော့ ချုပ်ရက်ရမန်ယူတဲ့အခါလည်း ပုဒ်မ ၃၀၂ နဲ့ တရားရုံးကချုပ်ရက် ရမန်ယူတယ်လို့ ကျွန်တော်တို့ သိရတယ်” ဟု ဦးထွန်းအောင်ကျော်က ဆက်လက် ပြောကြားသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ကိုခိုင်ဘိုဘို၊ကိုအောင်ဇော်လင်းတို့မှာ အခင်းဖြစ်ပွားသည့်နေ့ အခင်းဖြစ်ပွားသည့်အချိန်တွင်လည်း ၄င်းတို့၏ သူငယ်ချင်းအပေါင်းအသင်းများနှင့်အတူရှိနေသည်ဟု ၄င်းတို့၏ သူငယ်ချင်းများက ရှင်းလင်းပြောဆိုခဲ့ကြသည်။
ဦးထွန်းအောင်ကျော်မှ လည်း တပ်ကြပ်ဖိုးလုံးမသေဆုံးခင် ၂၃ ရက် နေ့ကပင် ကိုမေယုထွန်းသည် စစ်တွေတွင်လုံးဝမရှိဘဲ ရသေ့တောင်ကြားဖြတ်ရွေးကောက်ပွဲသို့ ANP ပါတီဝင်များနှင့်အတူ ရောက်ရှိ နေသည်ဟု ထောက်ခံပြောဆိုသည်။
“ကျွန်တော့်အနေနဲ့ ကျွန်တော်တို့ ပါတီဝင်လူငယ်ဖြစ်တဲ့ မေယုထွန်း ဟာအခင်းဖြစ်တဲ့နေ့မှာ စစ်တွေမြို့မှာ လုံးဝမရှိပါဘူး။ ရန်ကုန်က ၂၃ ရက်နေ့က စစ်တွေကို ရောက်လာတယ်။ အဲ့နေ့ညဘက်ကပဲ ရသေ့တောင် ကြားဖြတ် ရွေးကောက်ပွဲအတွက် ပါတီဝင်တွေနဲ့အတူ ရသေ့တောင်ကို ရောက်ရှိ နေခဲ့တာပါ။၂၃ ရက်နေပြီး ၂၈ အထိ ကျွန်တော်တို့နဲ့ အတူ ရှိနေခဲ့ပါတယ်” ဟု ဦးထွန်းအောင်ကျော်ကပြောသည်။
ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း လက်ရှိ အဖမ်းခံထားရသည့် သုံးဦးထဲမှ မေယုထွန်းသည် စက်တင်ဘာ ၂၅ ရက်နေ့ အခင်းဖြစ်ပွားသည့်နေ့က သူမတို့နှင့် အတူ ရသေ့တောင်မြို့နယ် ကံပြင်ကျေးရွာ မဲဆွယ်စည်းရုံး၍ ရှိနေကြောင်း ပြောဆိုသည်။
စရဖတပ်ဖွဲ့ဝင် တပ်ကြပ်ဖိုးလုံးသေဆုံးမှနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် ကိုခိုင်ဘိုဘို၊ကိုအောင် ဇော်လင်း၊ကိုမေယုထွန်းတို့အား ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အောက်တိုဘာ ၂၂ ရက်နေ့အထိ ရမန်ယူထားပြီး ၎င်းနေ့တွင် စစ်တွေမြို့နယ်တရာရုံးတွင် ရုံးထုတ်မည် ဖြစ်ကြောင်း သိရသည်။







