သတင်းမီဒီယာကောင်စီ (MPC) ကို မတိုင်ကြားဘဲ အလဲဗင်းမီဒီယာမှ သတင်းသမားသုံးဦးကို ဖမ်းဆီးခြင်းမှာ သတင်းမီဒီယာသမားများကို ဖိနှိပ်လို၍လားဟု သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး(၁) ဦးကျော်စွာမင်းက ပြောဆိုသည်။
Eleven အလဲဗင်းမီဒီယာမှ သတင်းသမားသုံးဦးကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅ (ခ) နှင့် တရားစွဲဆိုပြီး ယနေ့နံနက်ပိုင်းက အင်းစိန်ထောင်သို့ ပို့လိုက်သည်။
ယင်းအမှုစွဲဆိုခြင်းနှင့် စပ်လျဉ်းပြီး သတင်းမီဒီယာကောင်စီသို့ မေးမြန်းရာ သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး(၁) ဦးကျော်စွာမင်းက ထိုသို့ ပြောဆိုသွားခြင်း ဖြစ်သည်။
“ ကျွန်တော် တစ်ဦးတည်း အမြင်ကို ပြောရရင် သတင်းမီဒီယာဥပဒေရှိနေပါလျက် အစိုးရအဖွဲ့တို့ ၊ တပ်မတော်တို့ ရဲတို့က ဒီဥပဒေအတိုင်း မဆောင်ရွက်တာကို မေးခွန်းထုတ်ရမယ့် ကိစ္စဖြစ်နေပြီ။ သတင်းမီဒီယာဥပဒေအရ ဒီကောင်စီကို အရင်တိုင်ကြားရမှာ၊ ဒီကို မတိုင်ကြားဘဲနဲ့ ကိုယ်လိုရာပေါ့၊ သတင်းသမားတွေကို ဖိနှိပ်ချင်တဲ့ နည်းလမ်းနဲ့သွားနေတာလားလို့ စဉ်းစားမိတယ်” ဟု ဦးကျော်စွာမင်းက နိရဥ္စရာသို့ ပြောသည်။
၎င်းပြင် နိုင်ငံတော်မှ တရားဝင်ဖွဲ့စည်းထားသော သတင်းမီဒီယာကောင်စီသို့ ယခု ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ အကြောင်းကြားခဲ့ခြင်းမရှိကြောင်း သူက ပြောဆိုသည်။
၂၀၁၄ ခုနှစ်က ပြည်ထောင်စုလွှတ်တော်တွင် ပြဌာန်းထားသော သတင်းမီဒီယာ နည်းဥပဒေ အခန်း(၈)တွင် နစ်နာသောအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် သတင်းမီဒီယာသမားတစ်ဦးက ပုဒ်မ(၉)တွင် ပြဌာန်းထားသည့် တာဝန်နှင့် ကျင့်ဝတ်သိက္ခာတစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း ယူဆလျှင် ရှေးဦးစွာ ကောင်စီသို့ တိုင်ကြားနိုင်သည်ဟု ဖော်ပြထားသည်။
အောက်တိုဘာလ ၈ရက်နေ့ထုတ် သတင်းစာတွင် Eleven မီဒီယာမှ အကြီးတန်းအယ်ဒီတာ ဖြိုးဝေ ရေးသားခဲ့သော“အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ” သတင်းသုံးသပ်ချက် ဆောင်းပါးကြောင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင် က တရားလိုလုပ်ပြီး တာမွေရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး သတင်းမီဒီယာကောင်စီသို့ အကြောင်းကြားခြင်း ၊ တိုင်ကြားခြင်းမရှိခဲ့ကြောင်း သိရသည်။
ယမန်ညက တရားစွဲဆိုခံထားရသူများကို ဖမ်းဆီးရန်အတွက် တာမွေမြို့နယ် ရဲစခန်းမှ ရဲများက Eleven မီဒီယာရုံးသို့ ယမန်ည ၇ နာရီဝန်းကျင်ခန့်က ရောက်လာခဲ့ကြောင်း Eleven မှအယ်ဒီတာတစ်ဦးဖြစ်သူ ဦးကိုဦး(သချင်္ာ)က နိရဥ္စရာသို့ ပြောသည်။
“သူတို့ ရုံးကို လာတဲ့အချိန်မှာ အဲဒီသုံးယောက်က ရုံးချိန်ပြီးလို့ ပြန်သွားကြပြီ။ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ နောက်တခါ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနဲ့ နောက်တယောက်က အကြီးတန်း အယ်ဒီတာကိုဖြိုးဝေ၊ အဲဒီ ၃ ယောက်ကို အမှုဖွင့်ထားတယ်လို့ တာမွေရဲစခန်းက လာပြောသွားတာပါ"ဟု ဦးကိုဦး(သချင်္ာ)က ပြောသည်။
နိုင်ငံရေးဆောင်းပါးများရေးသားနေသော သတင်းစာဆရာ ကိုသီဟသွေးက "သတင်းသမားတွေ နဲ့ အငြင်းပွားစရာရှိတိုင်း အမှားအမှန် အဆုံးအဖြတ် မပေါ်သေးပဲ အငြင်းပွားနေသေးတဲ့ အဆင့်မှာတင် ဒီကောင်တွေ ကို အရင်ထောင်ထဲထည့်ပစ်မယ် ဆိုတဲ့ အတွေးမျိုး ဆန္ဒမျိုးရှိတဲ့ ဘယ် လို အာဏာပိုင် အဖွဲ့အစည်း လူပုဂ္ဂိုလ် မျိုးဆိုတာ လက်ရှိ နိုင်ငံကသွားနေတဲ့ ဒီမိုကရေစီစနစ် မှာ မရှိသင့်တော့ဘူး ၊ န်ိုင်ငံတကာ ဖိအားပေးနေတဲ့ ဒီလို အချိန်မျိုးမှာ ပိုပြီး အမြင်စောင်းစေတဲ့ အတွက် လုံးဝမဖြစ်သင့်ဘူး။ ကန့်ကွက်ပါတယ်" ဟု ပြောသည်။
၂၀၁၆ ခုနှစ်အတွင်းကလည်း Eleven မီဒီယာ၏ CEO ဒေါက်တာသန်းထွဋ်အောင် ရေးသားခဲ့သည့် အယ်ဒီတာ့အာဘော်နှင့်စပ်လျဉ်းကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အမှုဖွင့်အရေးယူခဲ့ဖူးသည်။







