ကရင်အမျိုးသား သူနာပြုတစ်ဦး ဖလောရင့်နိုက်တင်ဂေးလ်ဆု ရွေးချယ်ချီးမြှင့်ခံရ

ကရင်အမျိုးသား သူနာပြုတစ်ဦး ဖလောရင့်နိုက်တင်ဂေးလ်ဆု ရွေးချယ်ချီးမြှင့်ခံရ
by -
ကေအိုင်စီ
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများက ဦးဆောင်ချီးမြှင့်လိုက် သော (၄၅)ကြိမ်မြောက် ဖလော့ရင့်နိုက်တင်ဂေးလ်ဆုကို မြန်မာနိုင်ငံရှိ ကရင်အမျိုးသားသူနာပြုတစ်ဦးဖြစ်သူ စနိုင်နိုင်ထွန်းရရှိ သွားကြောင်း မေလ၁၂ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့သူနာပြုများနေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထုတ်ပြန်ခဲ့သည်။

အဆိုပါဆုမှာ သူနာပြုများအတွက် ကမ္ဘာ့အမြင့်ဆုံးဆုဖြစ်ပြီး ယခုအကြိမ်အတွက် နိုင်ငံပေါင်း ၁၈နိုင်ငံမှ သူနာပြု ၃၆ဦး ရွေးချယ်ချီးမြှင့်ခံရသည့်အထဲတွင် အသက် ၃၇နှစ်အရွယ် မြန်မာနိုင်ငံသား ကရင်လူမျိုး စနိုင်နိုင်ထွန်းလည်း တစ်ဦးအပါအဝင်ဖြစ်ကြောင်း ၎င်းထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ဆုရရှိခဲ့သူ စနိုင်နိုင်ထွန်းက “ကျနော်ဒီဆုကို မမျှော်လင့်ဘဲ ရရှိခဲ့တဲ့အတွက်လည်း အများကြီး ၀မ်းသာမိသလို နိုင်ငံ အတွက်ရော၊ နောက်ပြီး ကရင်လူမျိုးထဲမှာလည်း ဒီဆုကို ပထမဆုံးရရှိခဲ့တဲ့အတွက်လည်း အများကြီးဂုဏ်ယူမိပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၀၈ခုနှစ်ကဖြစ်ပေါ်ခဲ့သော နာဂစ်မုန်တိုင်းကာလအတွင်း ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းရှိ မုန်တိုင်းဒဏ်ခံပြည်သူများအား ဘေးကင်းရာသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ သူနာပြု ကုသပေးခြင်းများကို သက်စွန့်ဆံဖျားဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုလိုဆုရရှိခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံကြက်ခြေနီ အသင်း၏ ကြေညာချက် တွင် ဖော်ပြထားသည်။

၎င်းအပြင် အဆိုပါမုန်တိုင်းဖြစ်ပေါ်နေစဉ်ကာလအတွင်း ဒုက္ခရောက်နေသူများနှင့် ဒဏ်ရာရရှိထားသူများ၊ မွေးလူနာများကို မိမိ တတ်ကျွမ်းသည့်ပညာဖြင့် အသက်အန္ထရာယ်မရှိဘဲအတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် အမှတ်ရဂုဏ်ယူမိကြောင်း စနိုင်နိုင်ထွန်းက ဖြည့်စွက်ပြောသည်။

ဖလောရင့်နိုက်တင်ဂေးလ်ဆုမှာ သဘာဝဘေးအန္တရာယ်များနှင့် လူ့ပယောဂကြောင့်ဖြစ်သော ဘေးအန္တရာယ်များအတွင်း ဒဏ်ရာရနေသူ၊ ဖျားနာနေသူ၊ မသန်မစွမ်းဖြစ်နေသူများကို သက်စွန့်ဆံဖျား ကူညီကယ်ဆယ်ပြုစုသူ၊ လူထုကျန်းမာရေးနှင့် သူနာပြုအသိပညာဆိုင်ရာကိစ္စများတွင် တီထွင်ဖန်တီးလုပ်ဆောင်သူ သူနာပြုများကို ရွေးချယ်ချီးမြှင့်သည့်ဆုဖြစ်ကြောင်း သိရသည်။

ဆုချီးမြှင့်ခံရသူ စနိုင်နိုင်ထွန်းမှာ ဧရာဝတီတိုင်းဒေကြီး၊ ပန်းတနော်မြို့နယ် ပေပြင်ထောင်ကျေးရွာဇာတိဖြစ်ပြီး လက်ရှိဟိုင်းကြီးကျွန်းတိုက်နယ်ဆေးရုံတွင် အထက်တန်း သူနာပြုအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသည်။

ဖလောရင့်နိုက်တင်ဂေးလ်ဆုကို ၁၉၁၂ခုနှစ်မှစ၍ လေးနှစ်တစ်ကြိမ် ပေးအပ်ချီးမြှင့်လာခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်အထိ ကမ္ဘာ တစ်ဝှမ်းမှ သူနာပြုပေါင်း (၁၄၄၉)ဦးကိုရွေးချယ်ချီးမြှင့်ခဲ့သည်။ အလားတူ အဆိုပါဆုကို မြန်မာနိုင်ငံ၌ စနိုင်နိုင်ထွန်းအပြင် ၁၉၆၃ခုနှစ်တွင် သူနာပြုဆရာမကြီး ဗိုလ်မှူး ဒေါ်ခင်အုန်းမြ၊ ၁၉၉၃ခုနှစ်တွင် သူနာပြုဦးစီးအရာရှိ ဒေါ်အမ်ယော်နမ်နှင့် ၂၀၀၁ခုနှစ်တွင် သားဖွားဆရာမ ဒေါ်သိန်းရီတို့က အသီးသီးရရှိထားခဲ့ပြီးဖြစ်သည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...