ရခိုင်ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့်ပိုပေးရန် တောင်းဆို

ရခိုင်ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့်ပိုပေးရန် တောင်းဆို

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရက ဗဟိုမှ ချုပ်ကိုင်လုပ်ဆောင် နေခြင်းထက် ပြည်နယ်အစိုးရကိုလည်း လုပ်ပိုင်ခွင့် ပိုပေးရန် ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက တောင်းဆိုလိုက်သည်။

စက်တင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းက ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံရာတွင် ယင်းကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

" ကျနော်တို့အနေနဲ့ ပြည်နယ်လွှတ်တော်မှာ မေးခွန်းတွေ၊ အဆိုတွေ တော်တော်များများ မေးပါတယ်။ မေးတော့ ဝန်ကြီးတွေရဲ့ အဖြေတော်တော်များများက ပြည်ထောင်စု အစိုးရက ဆုံးဖြတ်လို့၊ ပြည်ထောင်စုကို တင်ပြရမယ် စသဖြင့် အဲသလိုဘဲ ပြန်ဖြေတာများပါတယ်။ သူတို့ရဲ့ အဖြေတွေထဲမှာ ရာခိုင်နှုန်း တော်တော်များများမှာ ပြည်ထောင်စု အစိုးရမပါရင် မပီးဘူး ဖြစ်နေပါတယ်။ ဒီတော့ အဲဒီအပိုင်းမှာ ကျနော့်အနေနဲ့ ပြည်ထောင်စုဝန်ကြီးကို တင်ပြချင်တာက အောက်ခြေမှာ ကျနော်တို့ ပြည်နယ်အစိုးရနဲ့ လုပ်လို့ကိုင်လို့ ရသွားအောင် သူတို့ကိုလည်း လုပ်ပိုင်ခွင့်တွေ ပေးထားရင် ပိုပြီး သင့်တော် ကောင်းမွန်မှာ ဖြစ်ပါတယ် "ဟု ဘူးသီးတောင် မြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က ပြောသည်။

ယင်းအပြင် ပြည်ထောင်စုအစိုးရအနေဖြင့် မောင်တောဒေသ ပြန်လည် တည်ငြိမ်အေးချမ်းရေး တစ်ခုတည်းကိုသာ လုပ်ဆောင်နေမည့်အစား တစ်ပြည်နယ်လုံးဖွံ့ဖြိုးရေးကိုပါ အားကြိုးမာန်တက် အလေးထားလုပ်ပေးသင့်သည်ဟုလည်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြကြသည်။

"ဘူးသီးတောင်၊ မောင်တောဒေသတစ်ခုတည်းမဟုတ်ဘဲ ရခိုင်တစ်ပြည်လုံးနဲ့သက်ဆိုင်တဲ့ကိစ္စကို တင်ပြရရင် ကျနော်တို့ တပ်သိမ်းမြေတွေကို အမြန်ဆုံးပြန်ရဖို့ အရေးကြီးပါတယ်။ ကျနော်တို့ ရခိုင်ပြည်နယ် လယ်ယာမြေနဲ့ အခြားမြေများ ပြန်လည်သိမ်းဆည်းမှု ပြန်လည် စိစစ်ရေး ကော်မတီက တပ်သိမ်းမြေကိစ္စကို ဗဟိုကိုပဲ တင်ပြပြီးပါပြီ။ ဗဟိုဆုံးဖြတ်ချက်ကို ကျနော်တို့ စောင့်နေရတဲ့ အနေအထား ရှိပါတယ် "ဟု မြေပုံမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ဆိုသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြတောင်းဆိုချက်များကို သက်ဆိုင်ရာဌာနမှ ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးပေးဟုလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသွားသည်။

May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...