ကျောက်မထုတ်ရန်တားမြစ်ထားသော သမိုင်းဝင်လင်းမြွေတောင်မှ ကျောက်ထုတ်လုပ်မှုများ ဆက်လက်ရှိနေ

ကျောက်မထုတ်ရန်တားမြစ်ထားသော သမိုင်းဝင်လင်းမြွေတောင်မှ ကျောက်ထုတ်လုပ်မှုများ ဆက်လက်ရှိနေ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ ရှေးဟောင်း သမိုင်းဝင် လင်းမြွေတောင်မှ ကျောက်မထုတ်ရန် တားမြစ်ထားသော်လည်း ကျောက်ထုတ် လုပ်မှုများ ဆက်လက်ရှိနေသဖြင့် လင်းမြွေတောင် ပျောက်ကွယ်သွားမည်ကို ဒေသခံများအကြား အထူးစိုးရိမ်မှုများရှိနေကြောင်း ထိပ်ဝပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘမောင်က ပြောကြားသည်။

“ အရင်ကတည်းက ကျောက်ထုတ်နေတာပါ။ အရင်ကထုတ်တယ်ဆိုပေမယ့် စက်ယန္တရားကြီး တွေနဲ့ မဟုတ်ဆိုတော့ သိပ်မသိသာလှဘူး။ အခုက ဘတ်ဖိုးစတဲ့ စက်ယန္တရားကြီးတွေနဲ့ နေ့စဉ်တူးဖော် ထုတ်လုပ်နေတော့ လာမယ့် သုံးလေးနှစ်အတွင်း ဒီတောင်ကြီးက ပျောက်ကွယ် သွားနိုင်ပါတယ်။ ဒါကြောင့် ထိပ်ဝပြင်ကျေးရွာသားတွေ ညီညီညာညာနဲ့ ကျောက်ထုတ်လုပ်တာကို တားမြစ်ဖို့လုပ်နေကြတာ ဖြစ်ပါတယ်” ဟု ဦးဘမောင်က ပြောသည်။

လင်းမြွေတောင်တန်းတွင် ကျောက်မထုတ်ရန် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်မှ စာအမှတ် ၁၂၆၈/၄/၉-၂/ ဦး ၁ ဖြင့် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က စာထုတ် တားမြစ်ခဲ့သည်ဟု သိရသည်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးမှ တားမြစ်စာထဲတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၏ အစည်းအဝေး အမှတ်စဉ် (၃၄/၂၀၁၈) ဆုံးဖြတ်ချက် အပိုဒ်(၅)၊ အပိုဒ်ခွဲ(က)၊ အပိုဒ်ခွဲငယ် ၁၆ အရ “ ကျောက်ထုတ်လုပ်မှုကို ချက်ချင်းရပ်ဆိုင်းထားရန်နှင့်မည်သူ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သည်ကို ပြန်လည် စိစစ်တင်ပြရန်” ဆုံးဖြတ်ချက် ချခဲ့သည်ဟု ပါရှှိသည်။

သို့သော်လည်းတားမြစ်သည့်နေ့ကတည်းက ဆက်လက် တူးဖော်ထုတ်လုပ်မှုများ ရှိနေသည်ဟု အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

“တားတဲ့နေ့က တည်း တူးတယ်။ ထုတ်နေကြတာပါ။ ကျောက်ထုတ်တဲ့ ကျောက်ကွက်ပေါင်းက ၄၀ လောက်ရှိပါတယ်။ ပိုင်ရှင် ၂၈ ယောက်ရှိပါတယ်။ ဘတ်ဖိုးစက်ကြီး ၆ စီး ရစီးနဲ့ နေ့စဉ် ထုတ်လုပ်နေကြပါတယ်။ အခုဒီလို ဖြစ်နေတဲ့ အတွက် စက်တင်ဘာ ၁၉ ရက် ဒီကနေ့မှာ ဓာတ်ပုံတွေနဲ့အတူတကွ မြို့နယ် အုပ်ချုပ်ရေးမှူးကို တင်ပြဖို့ ရှိပါတယ်” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

ယခုလို ရှေးဟောင်း သမိုင်းဝင် လင်းမြွေတောင်မှ ကျောက်ထုတ်လုပ်နေမှုနှင့် ဒေသခံများ မကြေနပ်ချက် မြင့်တက်နေချိန်တွင် မြောက်ဦးမြို့နယ် စည်ပင်သာရေးမှ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၏ မြောက်ဦးခရီးစဉ် (၂၁-၇-၂၀၁၈) အတွင်း လမ်းလုပ်ရန် မှာကြားထားသည်ဟုဆိုကာ ကျောက်များ ဆက်လက်ထုတ်ယူရန် ညွှန်ကြားထားသည်ဟု သိရသည်။

လင်းမြွေတောင်မှ ကျောက်ထုတ်လုပ်ရန် အတွက် မြောက်ဦးစည်ပင်သာရေးအဖွဲ့မှ အမှုဆောင် အရာရှိ (မောင်တင်ဦး၊ လက်ထောက် ညွှန်ကြားရေးမှူး)မှ သက်ဆိုင်ရာသို့ဟု ခေါင်းစဉ်တပ်ကာ ထိပ်ဝပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ထံသို့ စာတစ်စောင် ရေးသား ပေးပို့လာကြောင်း၊ ၎င်းစာထဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ မြောက်ဦး ခရီးစဉ်အတွင်း သကျမာရ်အောင် ဘုရားသွားလမ်းတွင် ပျက်စီးနေသော ပေ (၅၀၀) အရှည်ရှိလမ်းပိုင်းအား ဆောင်ရွက်ရန် မှာကြားထားခဲ့ကြောင်း၊ သို့အတွက် ယင်းလမ်းပိုင်းအား ကတ္တရာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လမ်းအမာခံရရှိရေးအတွက် ကျောက်မာ (6”*9) ကျင်း ၄၀ ကို ထိပ်ဝပြင် ကျေးရွာကွင်းအမှတ်( ၈၁၉-က)မှ တူးဖော် ထုတ်လုပ်ရန် ညွှန်ကြား လာကြောင်း၊ ၎င်းကျောက်များကို ကျောက်တော်မြို့နယ် သရက်တစ်ပင်ကျေးရွာနေ ဦးထွန်းထွန်းနိုင်ပိုင် ယာဉ်အမှတ် (၆င/၃၉၅၅) ဖြင့် (၁၈-၉-၂၀၁၈) နေ့မှစ၍ လုပ်ငန်းခွင်သို့ သယ်ယူဖြစ်ကြောင်း ပါရှိသည်ဟု သိရသည်။

“ မနေ့[စက်တင်ဘာ ၁၈ ]က စည်ပင်က စပြီးထုတ်ပါတယ်။ နောက်ထပ်လည်း မနေ့က ကျောက်ထုတ်ခွင့်ရတယ် ဆိုပြီး ကားအစီး ၂၀ ကျော်လောက် ဝင်လာပါတယ်။ ထိပ်ဝပြင်ရွာသားတွေ တားပေမယ့် မရတာကြောင့် ဓာတ်ပုံရိုက်မယ်လုပ်တော့ အကုန်လုံး ထွက်ပြေးသွားကြပါတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော် ဦးထွန်းသာစိန်အား ဆက်သွယ်မေးမြန်းရာ ၎င်းလင်းမြွေတောင် ကျောက်ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး လွှတ်တော်တွင် ကြယ်ပွင့်မပြ မေးခွန်းမေးရန် စီစဉ်နေကြောင်း၊ ကြယ်ပွင့်မပြ မေးခွန်းမှာ စာဖြင့် ပြန်လည် ဖြေကြားရမည့် ဖြစ်ကြောင်း နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

သမိုင်းဝင် လင်းမြွေတောင်တန်းသည် ကျောက်တော်မြို့နယ် မဟာမုနိဘုရားအလွန် မြောက်ဦးဘက်သို့ သွားသည့် ကားလမ်း၏ အရှေ့ဘက်တွင် တည်ရှိပြီး တောင်တန်းမှာ မနိမ့်မမြင့် သစ်ပင်များဖြင့် စိမ်းစိမ်းစိုစို အလွန်လှပသည့် ရှည်မျောမျော တောင်တန်းတစ်ခု ဖြစ်သည်ဟု သိရသည်။

လင်းမြွေတောင်တွင် ကျောက်ထုတ်လုပ်နေမှုနှင့် ပတ်သက်ပြီး ရပ်ဆိုင်းပေးရန် လင်းမြွေတောင် သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ (ထိပ်ဝပြင်) ကျေးရွာမှ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သို့ သြဂုတ်လအတွင်းက စာတစ်စောင်ရေးသားပေးပို့ခဲ့သည်။

၎င်းစာထဲတွင်လင်းမြွေတောင်သည် ပထမ ဓညဝတီ ပျက်သုန်းပြီးနောက် ဒုတိယ ဓညဝတီသည် လင်းမြွေတောင်တန်းကို မှီ၍ တည်ထောင်ခဲ့သည်ဟု ဆိုနိုင်ပါကြောင်း၊ ရခိုင်သမိုင်းကျမ်းပြုသူ ဆရာတော်ကြီးများ အပါအဝင် ပြိုင်းချကျောက်စာတွင်လည်းကောင်း၊ အိုးထိန်းဘုရား ကျောက်စာတွင်လည်းကောင်း ဤတောင်တန်းနှင့် ပတ်သက်ပြီး ခိုင်မာသည့် သမိုင်းသက်သေ အထောက်အထားများ ရှိပါကြောင်း၊ လင်းမြွေတောင် ပျောက်ဆုံးသွားလျှင် ရခိုင်လူမျိုးတို့၏ သမိုင်းခေတ်တစ်ခု၏ အစပျောက်ဆုံးသွားသည့်နည်းတူ ဒုတိယ ဓညဝတီခေတ်ကို ဖော်ထုတ်ရန် အခွင့်အလန်းတစ်ခု ဆုံးရှုံးသွားနိုင်ပါကြောင်း၊ ၎င်းအပြင် သဘာဝက ပေးသည့် လက်ဆောင် အမွေအနှစ်တစ်ခုလည်း ပျက်စီးသွားနိုင်ပါကြောင်း၊ သို့အတွက် ဤလင်းမြွေတောင်တန်းအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးပါရန် လိုအပ်ကြောင်း စာထဲတွင် ဖော်ပြထားသည်။

 

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...