ရခိုင်ပြည်နယ်မှ တိုင်းရင်းသား လူနည်းစု တစ်ခုဖြစ်သော ခမီတိုင်းသားများ၏ ရှေ့ဆောင်လမ်းပြ ဆရာတော်တစ်ပါး ဖြစ်သော အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဦးခန္တီစာရ၏ စျာပနမှာ ယမန်နေ့ (စက်တင်ဘာလ ၁၂ ရက်နေ့) တွင် ကျင်းပ ပြီးစီးသွားပြီဟု သတင်းရရှိသည်။
သက်တော် ၉၄ နှစ်၊ ၀ါတော် ၇၄ ၀ါရှိပြီဖြစ်သော အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဦးခန္တီစာရ၏ ရုပ်ကလပ်တော်အား ဆရာတော် သီတင်းသုံးရာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ် ၉ ရပ်ကွက်၊ ဝါဆိုမှီကျောင်းမှ ရေဝေးသုဿန်သို့ ပို့ဆောင်ကာ မီးသဂြိုလ်ခဲ့သည်ဟု သိရသည်။
ဆရာတော်သည် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ဝါဆိုမှီကျာင်းတွင် စက်တင်ဘာ ၆ ရက် နံနက် ၃း၃၅ နာရီ အချိန်တွင် ခန္ဒာဝန်ချ ပျံလွန်တော်မူသွားခဲ့သည်။
ဆရာတော်သည် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စမ္မဒီးကြိမ်ချောင်းရွာ၌ ခမည်းတော် ဦးအထွီး မယ်တော်ဒေါ်အာဒွီတို့မှ ၁၂၈၆ ခုနှစ် တပို့တွဲလဆန်း ၃ ရက် တနင်္လာနေ့ နံနက် ၆ နာရီ အချိန်တွင် မီးရှူးသန့်စင် ဖွားမြင်တော် မူသော သားရတနာဖြစ်သည်။
မွေးချင်း ၅ ဦး အနက် တတိယမြောက်ဖြစ်သည်။ ငယ်မည်မှာ မောင်အောင်သာဖြစ်သည်။ ၁၂၉၅ - ခု တပေါင်းလဆန်း ၁၅ ရက် အင်္ဂ ါနေ့တွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့နယ် ပန်းနီလာဆရာတော်ဦးတေဇကို ဥပဇ္စုာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာဏေ အဖြစ်သို့ ရောက်ရှိခဲ့ပြီး ဘွဲ့အမည်မှာ ရှင်ခန္တီစာရ ဖြစ်သည်။
ပုဏ္ဏားကျွန်းမြိုနယ် ယိုးတရုတ်ဆရာတော် ဦးသုန္ဒရ ဥပဇ္စုာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာ နုဂ္ဂဟခံယူကာ မြင်မြတ်သော ရဟန်းဘဝကိုရောက်ရှိခဲ့သည်။
ဆရာတော်ကြီးသည် မိမိဇာတိ မွေးရပ်မြေဖြစ်သည့် စမ္မဒီးကြိမ်ချောင်းရွာ၌ စတင်သီတင်သုံးပြီး အနီးအနား ပတ်ဝန်းကျင်ကျေးရွာများမှ လူငယ်များကို လောကီ လောကုတ္တရာ ပညာများကို နေညမပြတ် သင်ကြားပို့ချခဲ့ကြောင်း၊ ခမီကျေးရွာများ၌ ဗုဒ္ဓသာသနာ ထွန်းကား ပြန့်ပွားစေရန် တကိုယ်တော် နယ်လှည့်၍ တရားဟောဆုံးမခြင်း ဗုဒ္ဓဘာသာ အခြေခံ ကျင့်ဝတ်များကို သင်ကြားပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြောင်း၊ စမ္မဒီးကြိမ်ချောင်းနယ်မြေပတ်ဝန်းကျင် ၁၂ ရွာရှိ တကာ တကာမတို့အား သဟပုညကာရီအသင်းကို ဖွဲစည်းကာ သာသနာတော်၌ သာသနာ ၂၅၀၀ ပြည်ကိုပူဇော်ကြို ဆိုသည့် အထိမ်အမှတ်များ ပြုလုပ်ခဲ့ကြောင်း၊ ဆရာတော်သည် ရခိုင်ပြည်နယ်တွင် နှစ်ပေါင်း ၃၀ ခန့်အမျိုးဘာသာ သသသနာရေးအတွတ် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲပြီး ၁၉၈၃ ခု နှစ်တွင် ရန်ကုန်မြို့ ရန်းကင်း ၉ ရပ်ကွက် ဝါဆိုမှီကျောင်းကို တည်ထောင်ခဲ့ကြောင်း၊ ၁၉၉၃ ခုတွင် ရန်ကင်းမြို့နယ်လုံးဆိုင်ရာ ဘုန်းတော်ကြီး ပညာသင်ကျောင်းကို ကျောင်းသား/သူ ပေါင်း ၈၅ ဦးဖြင့် စတင်ဖွင်လှစ်ခဲ့ရာ ယခုအချိန်တွင် ၎င်းမူလတန်းကျောင်းမှ အောင်မြင်ပြီးသူ ၂၄၀၀ ကျော်ခန့် ရှိကြောင်း သိရသည်။
၁၉၉၃ ခုနှစ်မှ စ၍ ရန်ကင်းမြို့နယ်လုံးဆိုင်ရာ ဘုန်းတော်ကြီးကျောင်း ကြီးကြပ်ရေးအဖွဲတာဝန်နှင့် ရပ်ကွက် သံဃာ့ နာယက ဥက္ကဌ တာဝန်တို့ကိုထမ်းဆောင်ခဲ့ပြီး ဆရာတော်၏ အမျိုးဘာသာ သာသနာအကျိုးကို ဇွဲလုံးလ ဝရိယကြီးမားစွာဖြင့် အစွမ်းကုန် ကြိုးစားခဲ့သောကြောင်း နိုင်ငံတော် အစိုးရမှ ၂၀၁၃ ခုနှစ်တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲတံဆိပ် တော်ကို ဆပ်ကပ်လှူဒါန်း ခဲ့ကြောင်း တူဖြစ်သူ ဦးအင်္ဂါအောင်က ပြောကြားသည်။







