ယခုလအတွင်း ကျရောက်သည့် ကရင်ရိုးရာ လက်ချည်ပွဲကို မြန်မာရွှေ့ပြောင်းကျောင်းတစ်ကျောင်းဖြစ်သည့် ဆာသူးလေ အထက်တန်းကျောင်းမှ ကျောင်းသူကျောင်းသားများ၊ ဆရာ၊ မိဘများစုပေါင်း၍ ယနေ့ (သြဂုတ်လ ၂၄ရက်) ကျင်းပခဲ့ကြသည်။
တိုင်းတစ်ပါးရောက်နေသည့်တိုင် မိမိတို့၏ ဓလေ့ရိုးရာ အစဉ်အလာများမပျောက်ပျက်အောင် ထိန်းသိမ်းခြင်း အပြင် နှောင်လာမည့် မျိုးဆက်သစ်ကရင်လူငယ်မောင်မယ်များကို အစဉ်အလာတစ်ခုထိန်းသိမ်းသွားနိုင်ရန် ရည်ရွယ်၍ အစဉ်အလာ မပျက် ပြုလုပ်ကျင်းပရခြင်းဖြစ်သည်ဟု အခမ်းအနားကို ဦးဆောင်စီစဉ်သူ တစ်ဦးဖြစ် သည့် ဆရာစောဂေနေမူးက ကေအိုင်စီသို့ ပြောဆိုသည်။
ကျောင်းဆရာ၊ ဆရာမ၊ ကျောင်းသူကျောင်းသား၊ မိဘများနှင့် လေ့လာသူနိုင်ငံခြားသားများအပါအဝင် လူဦးရေ ၅ဝဝခန့် တက်ရောက်ခဲ့သည့် ၎င်းအခမ်းအနားတွင် ရိုးရာလက်ချည်ပွဲဖြစ်ပေါ်လာပုံ၊ ကျင်းပရခြင်း ရည်ရွယ်ချက် များကို ပြောကြားခြင်း၊ ကရင်ရိုးရာအကများဖြင့် ကပြဖျော်ဖြေခြင်း၊ တေးသီချင်းသီဆိုပြိုင်ပွဲတို့အပြင် ချည်ဖြူထုံးဖွဲ့ခြင်းကို ရိုးရာနည်းအတိုင်း သက်ကြီးရွယ်အိုများမှ လူငယ်မောင်မယ်များကို လိပ်ပြာခေါ် ချည်ဖြူ ထုံးရစ်ဖွဲ့ပေးခဲ့သည်။
ကရင်လူမျိုးတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သည့် ချည်ဖြူဖွဲ့ရာတွင် စကော၊ ယောက်မ၊ ရေ၊ ထမင်းဆုပ်၊ ကောက်ညှင်း၊ ကြံ၊ ငှက်ပျောသီး၊ နတ်ပန်းညို နှင့် ချည်ဖြူစသည့် ပစ္စည်းများပါဝင်ရမည်ဖြစ်ပြီး ကြင်ဖော်စုံ သက်ကြီးဘိုးဘွားများမှ လိပ်ပြာခေါ် ဆုတောင်းပေးကာ ချည်ဖြူကို လက်တွင်ရစ်ပတ်ချည်နှောင်ပေးခြင်းဖြစ်သည်။
ဆာသူးလေ မြန်မာရွှေ့ပြောင်း စာသင်ကျောင်း၌ ကရင်ရိုးရာလက်ချည်ပွဲကို ကျင်းပလာမှုမှာ ၁၂ကြိမ် မြောက်သွားပြီဖြစ်ပြီး ယခင်နှစ်များတွင် ရိုးရာလက်ချည်ပွဲ၊ ကရင်အာဇာနည်နေ့နှင့် ထိုင်းဘုရင် မိဖုရားမွေးနေ့ (ထိုင်းနိုင်ငံ၏ အမေများနေ့)ပွဲ သုံးခု တပြိုင်နက်တည်း စုပေါင်းကျင်းပခဲ့မှုများရှိသည်။







