ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် သြဂုတ်လ ၁၉ ရက်နေ့ညက မူးယစ်ဆေး WY စိတ်ကြွ ဆေးပြား ၄၀၀၀ ကျော် ဖမ်းဆီးခဲ့သည်ဟု သိရသည်။
မူးယစ်ဆေးဝါးများသယ်ဆောင်ခြင်း၊ ရောင်းချခြင်းများသတင်းအရ မြောက်ဦးမြို့မှ စရဖ တပ်ဖွဲ့ဝင် များနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ည ၁၁ နာရီ ၄၀ အချိန်ခန့် တွင် မြို့ပြင်ဘက်မှ မြို့တွင်းသို့ ဝင်လာသော ဆိုင်ကယ်များအား စစ်ဆေးစဉ် မြောက်ဦးမြို့၊ အလယ်စျေး ရပ်ကွက်နေ အောင်သိန်း (၁၈) နှစ်(ဘ)ဦးစောသာအောင်နှင့် မောင်ဌေး (၁၈) နှစ်၊ (ဘ)ဦးမောင်တင်ဝင်းတို့ စီးနင်းမောင်းနှင်လာကြသော ဆိုင်ကယ်အား ရှောင်တစ်ခင် စစ်ဆေးစဉ် ဆိုင်ကယ်ဘောက်စ်အတွင်းမှ WY မူးယစ်ရူးသွပ်စိတ်ကြွဆေးပြား ၅၁၀ ပြား အား စစ်ဆေး တွေ့ရှိခဲ့ရှိခဲ့သည်ဟု မြောက်ဦးရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
တစ်ချိန်းတည်းတွင် မြောက်ဦးမြို့အောင်တပ်ရပ်ကွက်ရှိ ဦးအောင်သန်းထွန်း(၃၀) နှစ် (ဘ)ဦးရွှေသာထွန်းနှင့် ဇနီးဒေါ်မစုချေ(ခ)ဒေါ်သန်းနုဆွေ ၂၈ နှစ် (ဘ)ဦးမောင်ကြီးတို့ နေအိမ်ကို ဝင်ရောက် စစ်ဆေးရာ WY မူးယစ်ရူးသွပ်စိတ်ကြွဆေးပြား ၄၁၁၅ ပြားကိုလည်းကောင်း၊ အဆိုပါအိမ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲနေသူ လူငယ်နှစ်ဦးတို့ကိုလည်းကောင်း အသီးသီး တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
“ အခု လောလောဆယ်တော့ ၄ ဦးကို ဖမ်းဆီး ချုပ်နှောင်ထားပါတယ်။ နောက်ထပ် ရှာဖွေ ဖော်ထုုတ်ဖမ်းဆီးဖို့ စီစဉ်နေပါတယ်။ အခုက မြောက်ဦးမှာ လူငယ်အတော်များများက ဒီရူးသွပ် စိတ်ကြွဆေးပြားတွေကို သုံးပြီး အကျင့်စာရိတ္တတွေ ပျက်စီးလာတဲ့ အတွက် အခု စီမံကိန်းချပြီး ဖော်ထုတ် ဖမ်းဆီးရတာ ဖြစ်ပါတယ်” ဟု မြောက်ဦးမြို့မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။
ယင်းသို့ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ နေအိမ်အတွင်း ရောင်းချနေသော ဦးအောင်သန်းထွန်းနှင့် ဒေါ်မစုချေတို့အား မယ(ပ)၄/၂၀၁၈ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀၊ ၁၉(က)/၂၁ တို့ဖြင့်လည်းကောင်း၊ ဆိုင်မောင်းနှင်လာသူ အောင်သိန်းနှင့် မောင်ဌေးတို့အား မယ(ပ)၃/၂၀၁၈ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁တို့ဖြင့်လည်းကောင်း မြောက်ဦးမြို့မရဲစခန်းမှ အမှုဖွင့် စိစစ်လျက်ရှိကြောင်း သူက ပြောကြားသည် ။







