ရခိုင်ရှိ မြစ်ကြောင်းတစ်ချို့ ရေထုညစ်ညမ်း အရောင်ပြောင်းလဲမှုနှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်များကွဲလွဲမှုရှိနေ၍ ပွင့်လင်းမြင်သာမှုရှိရှိရှင်းလင်းပေးရန် လိုအပ်ဟုဆို

ရခိုင်ရှိ မြစ်ကြောင်းတစ်ချို့ ရေထုညစ်ညမ်း အရောင်ပြောင်းလဲမှုနှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်များကွဲလွဲမှုရှိနေ၍ ပွင့်လင်းမြင်သာမှုရှိရှိရှင်းလင်းပေးရန် လိုအပ်ဟုဆို

ရခိုင်ရှိ မြစ်ကြောင်းတစ်ချို့ ဖြစ်ပေါ်နေသော ရေထုညစ်ညမ်းမူ၊ အရောင်ပြောင်းလဲမှုနှင့် ပတ်သက်ပြီး အစိုးရ ထုတ်ပြန်ချက်နှင့် စိမ်းလန်းအမိမြေ ဖွံ့ဖြိုး တိုးတက်ရေးအသင်း၏ ထုတ်ပြန်ချက် ကွဲလွဲမှုများ ရှိနေ၍ အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုရှိရှိ ရှင်းလင်းပေးရန် လိုအပ်သည်ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

“ အခု ဒီရေတွေနဲ့ ပတ်သက်ပြီး လူတွေ အကြားမှာ ထင်ယောင်ထင်မှားဖြစ်နေတယ်။ တစ်ချို့ က အရမ်းထိတ်လန့်စိုးရိမ်နေကြတယ်။ သားငါးပုဇွန် ဖမ်းဆီးရမှုတွေလည်း နည်းလာတယ်လို့ သိရပါတယ်။ အစိုးရ အနေနဲ့ ဒီရေတွေ ဘာကြောင့် ဒီလို ဖြစ်တယ်ဆိုတာကို ပွင့်လင်း မြင်သာအောင် ချပြပြီး ဖြေရှင်းပေးသင့်ပါတယ်” ဟု ဦးဖေသန်းက ပြောကြားသည်။

သြဂုတ်လ ၁၇ ရက် နေ့စွဲဖြင့် စိမ်းလန်း အမိမြေဖွံ့ဖြိုးတိုးတက်ရေး အသင်း၏ ထုတ်ပြန်ချက်ထဲတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းအနောက်မြောက်ဘက် သံဇစ်မြစ်အတွင်း ဇူလိုင်လ တတိယအပတ်ခန့်က စတင် တွေ့ရှိရသော သံချေးရောင်ရေတွင် ရေညစ်ညစ်မှု အလွန်မြင့်မား နေပြီး လူနှင့်ရေသတ္တဝါများကို အန္တရာယ်ရှိစေနိုင်ကြောင်း၊ ပေးပို့လာသော သံဇစ်မြစ်ရေနမူနာ၏ ရူပ ၊ဓာတုဂုဏ် သတ္တိ ၁၆မျိုးကို စမ်းသပ် စစ်ဆေးခဲ့ရာ သတ်မှတ်စံနှုန်းထက် ခဲဓါတ်မှာ ၁၀ ဆ၊ ဖီနောဓါတ်မှာ ၂၆ ဆ များနေသည့်ကိုတွေ့ရှိရကြောင်း၊ သို့အတွက် သံဇစ်မြစ်ရေသည် အန္တရာယ် ရှိစေနိုင်ကြောင်း ဖော်ပြထားသည်။

သို့ရာတွင် သြဂုတ် ၁၃ ရက်နေ့က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(ရုံးချုပ်)တွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ရေ နမူနာရယူကာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဆီငွေ့သန်းခြင်း၊ အနံ့ ရခြင်းများ မဖြစ်ပေါ်သဖြင့် ရေနံမဖြစ်နိုင်ကြောင်း၊ သံဇစ်မြစ်အောက်ကြမ်းပြင် ရေစီး အရှိန် ပြင်းထန်မှုကြောင့် မြစ်ကြမ်းပြင်နှင့် ကျောက်ဆောင်များကြား တွယ်ကပ်နေသည့် ရေမှော်နှင့်နှုံး အမှိုက်များ ရေပြင်ပေါ်တက်လာခြင်းသာဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုသွားခဲ့သည်။

၎င်းပြင် ကျောက်ဖြူမြို့နယ် မဒေးကျွန်း ရေနက်ဆိပ်ကမ်း တလျှောက်ရေနံယိုဖိတ်မှုကြောင့် ရေများနောက်ကျိပြီးငါးပုစွန်များ သေဆုံးနေသည်ဆိုသည့်သတင်းမှာမဟုတ်မှန်ကြောင်း သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းနေရာရှိ ပင်လယ်ရေနမူနာများဖြင့် ချပြ ရှင်းလင်း ခဲ့သည်။

ယခုကဲ့သို့ အစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန နှင့် စိမ်းလန်း အမိမြေ ဖွံ့ဖြိုးရေး အသင်း၏ ထုတ်ပြန်ချက်မှာ ကွဲလွဲမှုများရှိနေသဖြင့် ရေနံမဟုတ်လျှင် မည်သည့် အတွက်ကြောင့် ရေထု ညစ်ညမ်းပြီး အရောင်ပြောင်းလဲရသည်ကို အစိုးရ အနေဖြင့် စစ်ဆေးပြီး ပွင့်လင်းမြင်သာစွာ ချပြသင့်သည်ဟု ဦးဖေသန်းက ပြောကြားသည်။

“ ရခိုင်ပြည်နယ်က မြစ်ကြောင်း တစ်ချို့မှာ ဘာကြောင့် ရေထုညစ်ညမ်းမှုနဲ့ အရောင်ပြောင်းလဲမှု ဖြစ်ပေါ်တယ်ဆိုတာကို အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ ပြည်သူများသို့ အသိပေး ရှင်းလင်းပေးရန် လိုအပ်နေပါတယ်။ ဒါက ရေနံချေး မဟုတ်ရင် အခုလို ဖြစ်ပေါ်ရတဲ့ အကြောင်း တရားဟာ ဘာလဲဆိုတာ အစိုးရက ရှင်းပြမလိုဘူးလား။ ဒီလို ရေထု ညစ်ညမ်းတာတို့ အရောင်ပြောင်းတာတို့ဟာ အလိုလို ဖြစ်ပေါ်မှ မဟုတ်တဲ့ အတွက် အစိုးရအနေနဲ့ စစ်ဆေးပြီး ပွင့်လင်းမြင်သာမှု ရှိအောင် ပြည်သူတွေကို အမြန်ဆုံး ချပြစေလိုပါတယ်” ဟု မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်း အနီးရှိ သံဇစ် မြစ်ရေများ ညစ်ညမ်းမှုနှင့် အရောင်ပြောင်းလဲမှုမှာ ယခုအခါ မြေပုံမြို့နယ်နှင့် အမ်းမြို့နယ် အထိ ရောက်ရှိလာသဖြင့် ရခိုင်လူထုအကြားတွင်လည်း စိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပေါ်နေကြသည်ဟု သိရသည်။

၎င်းပြင် ပုဇွန် ငါးမွေးမြူသူများ အနေဖြင့်လည်း အမျိုးအမည် မခွဲခြားနိုင်သည့် ညစ်ညမ်းရေထုကြောင့် ငါးပုဇွန်ကန်များကို ထိခိုက်မည်ကို စိုးရိမ်သဖြင့် ရေများကို ပြွန်မှ တစ်ဆင့် အသွင်းမထုတ် မလုပ်ဘဲ အလုံပိတ်ထားရာမှ ယခင် တစ်ပတ် ရေကြီးရာတွင် ပုဇွန်တာရိုးများ ကျိုးပျက်ကာ ဆုံးရှုံးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...