ရခိုင်ပြည်နယ်အတွင်း ၃ လခွဲ ကာလအတွင်း စိတ်ကြွယာဘားဆေးပြား ခုနှစ်သန်းနီးပါး ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်အတွင်း ၃ လခွဲ ကာလအတွင်း စိတ်ကြွယာဘားဆေးပြား ခုနှစ်သန်းနီးပါး ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် မေလ ၂ ရက်နေ့မှ သြဂုတ် ၁၇ ရက်နေ့ထိ ၃ လခွဲ ကာလ အတွင်း ယာဘားစိတ်ကြွဆေးပြား ခုနှစ်သန်း နီးပါး ဖမ်းဆီးရမိခဲ့သည်ဟု သတင်းရရှိသည်။

နိုင်ငံတော် အစိုးရ၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်အတွင်း မေလ ၂ ရက်နေ့မှ သြဂုတ် ၁၃ ရက်နေ့ထိ ယာဘားစိတ်ကြွရူးသွပ်ဆေးပြား ၄၁၉၁၄၃၀ ကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

သြဂုတ် ၁၇ ရက်နေ့က မောင်တောမြို့တွင် စိတ်ကြွ ယာဘားဆေးပြား ၂၇၆၆၀၀၀ ပြားကို ထပ်မံ ဖမ်းမိခဲ့ရာ ၃လခွဲကာလအတွင်း ရခိုင်ပြည်နယ် အတွင်း ဖမ်းဆီးမိခဲ့သည့် ယာဘားစိတ်ကြွဆေးပြား အရေအတွက်မှာ ၆၉၅၇၄၃၀ ( ခြောက်သန်း ကိုးသိန်းငါးသောင်းခုနှစ်ထောင် လေးရာသုံးဆယ် ပြား) ထိ ရှိခဲ့ပြီ ဖြစ်သည်။

“ မောင်တောမှာ ဖမ်းမိတာက သြဂုတ် ၁၇ ရက်နေ့ ညဉ့် ၉ နာရီ အချိန်မှာ ရွှေဇား ရဲကင်းစခန်း အနီးမှာ ရပ်ထားတဲ့ ချင်း(ဂျင်း) အိတ်တွေ တင်ထားတဲ့ ကားတစ်စီးပေါ်ကနေ ဖမ်းမိတာပါ။ သတင်းအရ အဖွဲ့ပေါင်းစုံကနေ ခုလို ဖမ်းမိတာပါ။ ကားပေါ်က လူတွေ ဘာမပြော ညာမပြောဘဲနဲ့ ရွှေဇား ရွာထဲကို ထွက်ပြေးသွားကြတယ်။ ကားကို မသင်္ကာတော့ မောင်တောရဲစခန်းထိ မောင်းယူလာခဲ့ပြီး ဂျင်းတွေထည့်ထားတဲ့ အိတ်တွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ၀ိုင်းရှာတော့ အဲဒီအထဲက စိတ်ကြွဆေးပြား ၂၇၆၆၀၀၀ ဖမ်းဆီးရမိခဲ့ပါတယ်” ဟု မောင်တောခရိုင်မူးယစ်တပ်ဖွဲ့ ဒုတိယရဲမှူး ထွန်းထွန်းဦးက နိရဥ္စရာသို့ ပြောကြားသည်။

၎င်းဆေးပြားများကို ချင်း(ဂျင်း)များထည့်ထားသည့် အိတ်များအတွင်းမှ ဖမ်းဆီးရမိခြင်း ဖြစ်ပြီး တစ်ထုပ် ဆေးပြား တစ်သောင်းစီ ပါဝင်ကာ ငါးထုပ်ကို တစ်ပါကင်စီထုပ်ပြီး ထည့်ထားကြောင်း၊ စုစုပေါင်း ပါကင်ထုပ် ၅၆ ထုပ် ဖမ်းမိကြောင်း သူက ပြောကြားသည်။

“ ဒါ့အပြင် သြဂုတ် ၁၈ ရက်နေ့ နံနက်ကလည်း ဆေးပြား ၃၀၀ နဲ့ဆေးပြားတွေ ဖမ်းမိပါတယ်။ အမျိုးသမီး နှစ်ဦး ဖမ်းမိပါတယ်။ ... ဒေါ်ဇော်မီလာ ခါတူနဲ့ ဒေါ်အယ်ကာရ်ဘေဘီတို့ ဖြစ်ကြပါတယ်။ အဲဒီနေ့ မနက် ၆ နာရီခွဲကတည်းက ရုံးရှေ့က အုပ်စုတွေ၊ လေသာအောက်ရွာကို ဝင်ရှာတော့ နံနက် ၈ နာရီခွဲမှာ မိတာပါ” ဟုသူက ပြောကြားသည်။

နိုင်ငံတော် အစိုးရ၏ ထုတ်ပြန်ချက်တွင် ၂၀၁၈ ခုနှစ် မေလ ၂ ရက်နေ့မှ သြဂုတ် ၁၃ ရက်နေ့ထိ မူးယစ်စိတ်ကြွဆေးပြား ၄၁၉၁၄၃၀ ၊ စိတ်ကြွအကြေမှုန့် သုည ဒသမ ၀၀၃၅ ကီလို၊ ဆေးခြောက် ၁၃ ဒသမ ၇၆၈၀၂ ကီလိုတို့ကို ဖမ်းဆီးရမိပြီး စုစုပေါင်း တန်ဖိုးမှာ ငွေကျပ်သိန်း ၁၂၅၇၇၃ ဒသမ ၇၉၅ သိန်းဖြစ်ကြောင်း သိရသည်။ ၎င်းအမှုများနှင့် ဆက်စက်ပြီး အမှုပေါင်း ၉၄ မှု ဖွင့်လှစ် အရေးယူနိုင်ခဲ့ကာ တရားခံ ၁၃၂ ဦးကို ဖမ်းဆီးရမိသည်ဟု သတင်းထုတ်ပြန်သည်။

မောင်တောမြို့တွင် သြဂုတ် ၁၇ ရက်နေ့ ညဉ့် ၉ နာရီအချိန်က ပိုင်ရှင်မဲ့ ဖမ်းမိခဲ့သည့် ဆေးပြား အရေအတွက်မှာ ၂၇၆၆၀၀၀ ရှိပြီး တန်းဖိုးမှာ ကျပ် ၈၂၉၈၀၀၀၀၀၀ ဖိုးရှိကြောင်း သိရသည်။

မောင်တော၊ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်း၌ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၁၄ ရက်နေ့ထိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၃၁၄၇၀၁ ပြား၊ စိတ်ကြွ အကြေမှုန့် ၂ ဒသမ ၅၉၀၃ ကီလို နှင့် ဆေးခြောက် သုည ဒသမ ၁၅၄၉ ကီလိုတို့ကို ဖမ်းဆီးရမိခဲ့ပြီး အမှုပေါင်း ၈၄ မှု ဖွင့်လှစ် အရေးယူနိုင်ခဲ့ကာ တရားခံ ၁၂၈ ဦးအား ဖမ်းမိခဲ့ကြောင်း အစိုးရ၏ သြဂုတ် ၁၅ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းစိတ်ကြွရူးသွပ်ဆေးပြားများကို ရခိုင်ပြည်နယ်မှ ထုတ်လုပ်ခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံ အရှေ့ဘက် နယ်စပ်ဒေသများမှ ကုန်းတစ်တတန်၊ ရေတစ်တန် အဆင့်ဆင့်ဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းကို ဖြတ်ကာ မောင်တောမြို့သို့ သယ်ယူလာခဲ့ကြပြီး မောင်တောမှ တစ်ဆင့် တစ်ဖက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်ကို တင်ပို့ ကြမည့် ဆေးပြားများ ဖြစ်ကြောင်း သိရသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...