လက်နက် အပြည့်အစုံကိုင်ဆောင်ထားသော စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင် ၃၀၀ ကျော်ခန့်သည် ကားအစီး ၂၀ ကျော်ဖြင့် ယမန်နေ့ သြဂုတ် ၁၅ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ကို ပတ်ကာ လုံခြုံရေး ဆောင်ရွက် နေကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးကြီး ရဲမှူးကြီး အောင်မြတ်မိုးက “ လုံခြုံရေး ပိုမိုကောင်းမွန်အောင် မြို့ပေါ်မှာ လှည့်ကင်းဆောင်ရွက်တာပါ။ တပ်မတော်နဲ့ ရဲတပ်ဖွဲ့နဲ့ ပေါင်းပြီး လှည့်ကင်းလုပ်တာပါ။ အခု နယ်စပ် ဒေသမှာ ဖြစ်ပေါ်နေတဲ့ သတင်းတွေအရ ဒီ သြဂုတ် ၂၅ ရက်နေ့က နှစ်ပတ်လည်နေ့၊ သူတို့ ဒီလ သြဂုတ် ၂၂ ရက်နေ့ကလည်း အိဒ်ကြီးနေ့၊ စခန်း ၃၀ ကျော် အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ နှစ်ပတ်လည်နေ့ က လာမယ့် ၂၅ ရက်နေ့ ဖြစ်တယ်။ အဲဒီမတိုင်ခင် ဘူးသီးတောင်နဲ့ မောင်တောမြို့ နယ်စပ် ဒေသမှာ တပ်မတော်နဲ့ ရဲနဲ့ ပေါင်းပြီး လှည့်ကင်း လုံခြုံရေး လုပ်နေပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များသည် ရှေ့ဆုံး ပွိုင့်ကားတွင် စက်သေနတ်များကို အဆင့်သင့် တပ်ဆင်ပြီး စစ်ကား၊ ရဲကား အစီး ၂၀ ကျော်ဖြင့် မြို့ထဲမှ ရှုခင်းသာလမ်း၊ ယင်းမှ တစ်ဆင့် စစ်တွေပွိုင့်၊ ၎င်းမှ တစ်ဆင့် စစ်တွေဟိုတယ်နှင့် လောကာနန္ဒာ စေတီဘက်ကို သွားနေကြသည်ဟု မျက်မြင် ဒေသခံ တစ်ဦးက ပြောသည်။
မည်သည့်အတွက်ကြောင့် အခုလို အင်အားအများအပြားဖြင့် လုံခြုံရေးဆောင်ရွက်နေသည်ကိုမူ သူ့အနေဖြင့် မသိရှိကြောင်း ၎င်းက ပြောကြားသည်။
ပြည်နယ်ရဲမှူးကြီးက “ ထူးထူးခြားခြား သတင်းရတာက အကြမ်းဖက်သမားတွေ တစ်ဖက်နိုင်ငံမှာ သင်တန်းပေးပြီးတော့ နယ်စပ် ခြံစည်းရိုးနားကိုလာတယ်။ လေ့ကျင့်မှုတွေ လုပ်နေတယ်။ ဖောက်ခွဲမှုတွေ လုပ်နိုင်တယ်။ ၂၅ ရက်နေ့မတိုင်မီ ဖောက်ခွဲမှုတွေ လုပ်နိုင်တယ်လို့ သတင်းတွေ ရနေတဲ့ အတွက်ပါ” ဟု ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။
၎င်းလုံခြုံရေး တိုးမြှင့်ဆောင်ရွက်မှုကို နေ့ရော ညဉ့်ပါ ပုံမှန် ပြုလုပ်သွားမည်ဖြစ်ပြီး ယခု လကုန်ပိုင်းထိ ပြုလုပ်သွားမည်ဟု သိရှိရသည်။
၎င်းလုံခြုံရေးကားတန်း အနီးသို့ ရောက်နေသည့် နိရဥ္စရာမှ လက်ထောက် အယ်ဒီတာ စံမောင်သန်းကို ဆက်သွယ်ရာ သူက “ စစ်သားနဲ့ ရဲသားက ၃၀၀ ကျော်လောက်ပါပါတယ်။ စစ်ကားက ၂၀ ခန့်၊ ရဲကားက တစ်ဆယ်ကျော်၊ စုစုပေါင်း ၃၀ ကျော်ပါဝင်ပါတယ်။ ရဲတပ်ဖွဲ့ ဘက်မှ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးနဲ့ တပ်မတော်ဘက်မှ ဗိုလ်ချုပ်အဆင့်ရှိ အရာရှိကြီးတစ်ဦးတို့က ဦးဆောင်ပါဝင်ပြီး ဆောင်ရွက်နေတာကို တွေ့ရပါတယ်” ဟု ပြောကြားသည်။







