မြောက်ဦးလူငယ် ၈ဦး အမှု ၁၈ ကြိမ်မြောက်ရုံးချိန်တွင် မဆုံးဖြတ်နိုင်ခဲ့

မြောက်ဦးလူငယ် ၈ဦး အမှု ၁၈ ကြိမ်မြောက်ရုံးချိန်တွင် မဆုံးဖြတ်နိုင်ခဲ့
by -
စံမောင်သန်း

မြောက်ဦးမြို့မှ ဖမ်းဆီးခံထားရသူ လူငယ် ၈ ဦးကို (၁၈) ကြိမ်မြောက် ရုံးထုတ်သည့် သြဂုတ် ၁၃ ရက် နေ့တွင် စွဲချက် တင်သင့် မတင်သင့်ကို ဆုံးဖြတ်မည်ဟု ပြောဆိုထားသော်လည်း လက်တွေ့တွင် မဆုံးဖြတ်နိုင်ခဲ့ကြောင်း သိရသည်။

“ဒီနေ့ စွဲချက်တင်သင့် မတင်သင့် လျှောက်လဲချက်ပေးမယ့်ဟာ မဖြစ်တော့ဘူး။ တစ်ချို့ သက်သေတွေ စစ်ဆေးတာ တရားမဝင်ဘူးတဲ့။ အဲ့ဒါကြောင့် တရားလိုပြ သက်သေတွေကို ပြန်လည်စစ်ဆေးနေတုန်းဖြစ်တဲ့ အတွက် အမိန့်မချတာလို့ ပြောပါတယ်”ဟု ဖမ်းဆီးခံထားရသူ မောင်ကျော်မင်းစိုးက ပြောသည်။

လွန်ခဲ့သည့်အပတ် ရုံးချိန်းတွင် တရားသူကြီးက တရားလိုပြ သက်သေအားလုံးကို စစ်ဆေးသွားပြီ ဖြစ်၍ နောက်လာမည့်အပတ်တွင် အမှုကို စွဲချတင်သင့် မတင်သင့် အမိန့်ချမည်ဟု ပြောကြား ခဲ့ကြောင်း သိရသည်။

ယင်းသို့ စွဲချက်တင်သင့် မတင်သင့်ကို ယခုရုံးချိန်းတွင် အမိန့်ချမှတ်မည်ဆိုပြီးမှ အမိန့် မချမှတ်ခြင်းမှာ အမှုကို အချိန်ဆွဲထားခြင်းသာဖြစ်သည်ဟု မြင်ကြောင်း ဖမ်းဆီး ထိန်းသိမ်းခံထားရသူများက ပြောသည်။

“ကျနော်တို့ရဲ့ ကျန်းမာရေး အခြေအနေတွေက မကောင်းပါဘူး။ ခါးတွေကိုက်တယ်၊ ကျည်ထိ ဒဏ်ရာတွေကတွေကလည်း များပါတယ်။ အခုထက်ထိ ကျည်ထိထားတဲ့ လက်က ကွဲလို့ကုတ်လို့ မရသေးပါဘူး။ ကျနော့်မှာလည်း ကျည်ထိဒဏ်ရာခါးမှာ အများကြီးပါ” ဟု ကျည်ထိမှန် ဒဏ်ရာ ရရှိထားသူ ၁၀ ကျော်သက်ရွယ် လူငယ်နှစ်ဦးက သူတို့၏ ကျန်းမာရေးအခြေအနေကို ပြောကြားခဲ့သည်။

ကျန်းမာရေးနှင့်ပတ်သက်၍ အပြင်တွင် ထွက်ပြီးဆေးကုသခွင့် ရလိုကြောင်း ယင်းလူငယ်နှစ်ဦးက ပြောသည်။

မြောက်ဦးဖြစ်စဉ်ကြောင့် ဖမ်းဆီးထိန်းသိမ်း ခံထားရသူ ၈ ဦးအနက် နှစ်ဦးမှာ လမ်းလျှောက်ရာတွင် ယခုအချိန်ထိ ချိုင်းထောက်ကို အသုံးပြုနေရတုန်းဖြစ်သည်။

“ကျန်းမာရေးအခြေအနေက ချိုင်းထောက် မပါဘဲ သွားလို့ မရသေးဘူး။ ဒီလကုန်ရင်တော့ အပြင်ဆေးရုံမှာ ခွဲစိပ်ကုသမှု လုပ်ပေးမယ်လို့ ပြောပါတယ်။ ထောင်ထဲမှာ နေထိုင်စားသောက်ရေး ကတော့ အဆင်ပြေပါတယ်”ဟု ချိုင်းထောက်ဖြင့် လမ်းလျှောက်နေရသူတစ်ဦးက ပြောသည်။

၂၀၁၈ ခု၊ ဇန်နဝါရီလ ၁၆ ရက်နေ့က မြောက်ဦးမြို့တွင် ၂၃၃ နှစ်မြောက် ရခိုင့်အချုပ် အခြာ အာဏာ ကျဆုံးခြင်း အထိမ်းအမှတ်အတွက် ဟောပြောပွဲကို အာဏာပိုင်များက အချိန်ကပ်ပြီး တားမြစ်ခဲ့သဖြင့် ဟောပြောပွဲ ပြုလုပ်ခွင့်ရရှိရန် ဟောပြောပွဲ အခမ်းအနားသို့ တက်ရောက် လာသူများက ဆန္ဒပြ တောင်းဆိုခဲ့ကြရာ ရဲက သေနတ်ဖြင့် ပစ်ခတ် နှိမ်နင်းခဲ့၍ လူ ၇ ဦး သေဆုံးပြီး၊ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရသူများအထဲမှ မြောက်ဦးဆေးရုံတွင် ဆေးကုသမှု ခံယူနေသူ ၄ ဦးမှာ ဆေးရုံးမှ ထွက်ပြေး လွတ်မြောက်ခဲ့ကြပြီး၊ ဒဏ်ရာပြင်းထန်၍ စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသူ ၈ ဦးကို ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားလုပ်မှု ပုဒ်မ ၆ (၁) ဖြင့် ဖမ်းဆီးအရေးယူထားကာ စစ်တွေ အကျဉ်းထောင်တွင် ထိန်းသိမ်းထားခြင်းဖြစ်သည်။

သူတို့အမှုအတွက် နောက်တစ်ပတ် ရုံးချိန်းကို သြဂုတ်လ ၂၃ ရက်နေ့ကို သတ်မှတ်လိုက်သည်ဟု သိရှိရသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...