ရခိုင်ပြည်နယ် စစ်တွေမြို့မှ အဓိက လူသွားလူလာများသော လမ်းတစ်လမ်းဖြစ်သည့် ကုန်သည်လမ်းသည် ဆိုးဆိုးရွားရွားပျက်စီးနေပြီး ခရီးသွားပြည်သူမျာ အထူး အခက်အခဲ ဖြစ်ပေါ်လျက်ရှိနေကြောင်း သတင်းရရှိသည်။
“ဒီနှစ်မိုးရာသီမှာ လာပြီး လမ်းကိုပြုပြင်တာ နှစ်ခါရှိပါပြီ။ ဒါပေမယ့် သဲကျောက်တွေကို အသုံးပြုပြီး ပြုပြင်ခဲ့တဲ့အတွက် မိုးရွာပြီး မကြာခင်မှာဘဲ လမ်းဟာ နဂိုထက် ပိုဆိုးသွားပါတယ်။ နောက်ပြီး လမ်းဘေးက ရေမြောင်းတွေကို ရှင်းလင်းမှု မရှိတဲ့အတွက် ရေမြောင်းတွေ ပိတ်ဆို့ပြီး ရေဆင်း မကောင်းဖြစ်နေတော့ မိုးကြီးရင် ရေတွေအိုင်ပြီး လမ်းပေါ်ကို ရေတွေ လျှံတက်လာတယ်။ အဲဒီက တစ်ဆင့် အိမ်ထဲထိကို ရေဝင်လာပါတယ်”ဟု လမ်းချိုင့်ခွက်ဖြစ်နေသည့် နေရာအနီး စျေးရောင်း နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ကုန်သည်လမ်းကို အသစ်ခင်းရာတွင်လည်း အရည်အသွေးမပြည့်မီသည့်အပြင် လမ်းသစ်ခင်းရာ၌ လမ်းအားလုံးကို ခင်းခြင်းမဟုတ်၍ လမ်းမှာ ကောင်းမွန်လာခြင်း မရှိဟုလည်း အနီးအနား ဒေသခံများ ပြောဆိုသည်။
ဆိုင်ကယ်မောင်းနေသည့် ကိုသန်းနိုင်က “လမ်းအသစ်ခင်းတဲ့အခါ တစ်နှစ်ကိုမှ ပေ ၅၀ လောက်ခင်းခဲ့တယ်၊ နောက်နှစ် ပေ ၅၀ လောက်ခင်းတယ်။ ထားခဲ့ပြန်ပါတယ်။ ဒီနှစ် အသစ်ခင်းတဲ့ အချိန်မှာ မနှစ်က ခင်းခဲ့တဲ့ လမ်းက ပျက်စီးနေပါပြီ။ ဒါကြောင့် လမ်းက တစ်ခါမှ ကောင်းတယ်လို့ကို မတွေ့ရပါဘူး”ဟု ပြောသည်။
ယခုကဲ့သို့ လမ်းပျက်နေသဖြင့် သက်ကြီးရွယ်အိုများ၊ ကျောင်းသား ခလေးငယ်များ၊ မနာမကျန်းဖြစ်သူများ၊ ကိုယ်ဝန်ဆောင်များအနေဖြင့် ၎င်းလမ်းကို သုံးဘီး၊ ဆိုင်ကယ်၊ ကားများနှင့် ဖြတ်သွားရာတွင် အထူး ဒုက္ခဖြစ်နေကြသည်ဟု ဆိုသည်။
“ အားလုံးအတွက် ဒုက္ခဖြစ်နေပါတယ်။ တစ်ခါက ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးကို တင်ဆောင်ပြီး ဆေးရုံကို ပို့တဲ့အခါ သုံးဘီးဆောင့်တဲ့အတွက် ဆေးရုံမရောက်ဘဲ လမ်းမှာ မွေးဖွားသွားတာတောင် ရှိပါတယ်”ဟု အဆိုပါလမ်းကို အသုံးပြုပြီး ၈ နှစ်ကြာအောင် သုံးဘီး မောင်းနေသည့် ကိုထွန်းထွန်းနိုင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
ကုန်သည်လမ်း စစ်တွေမြို့ထဲ၊ စျေးကြီးနှင့် မြို့ပြင်ရှိ ကားဂိတ်ကို ဆက်သွယ်ထားသည့် ဖြတ်လမ်းဖြစ်ပြီး လူသွားလူလာများသည်ဟုသိရသည်။
“ဒီကုန်သည်လမ်းဟာ မီးစက်ကြီးခွဆုံ မေယုလမ်းကနေစပြီး စျေးအထိ ပေါက်တဲ့လမ်းဖြစ်တယ်။ နောက်ပြီးတော့ ကုန်တန်းမှာရှိတဲ့ စက်လှေဆိပ်တွေက ကုန်ပစ္စည်းတွေကို အဓိက သယ်ပို့ ပေးရာမှာ အသုံးပြုနေရတဲ့ လမ်းဖြစ်တယ်။ နောက်တစ်ချက်က မင်းဂံက ကန်တော်ကြီးကလူတွေ ညနေဘက် စျေးသွား စျေးပြန်လည်း လမ်းကောင်းမယ်ဆိုရင် ကောင်းကောင်းမွန်မွန် အသုံးပြုနိုင်မယ့် လမ်းဖြစ်တယ်။ ဒီလမ်းမကောင်းတဲ့အတွက် မေယု လမ်းဘက်ကနေ ပတ်ပြီးတော့ သွားလာနေရတဲ့အတွက် အချိန်ကြန့်ကြာမှုတွေရှိပါတယ်”ဟု ဆရာ ဦးသန်းထွန်းက ပြောသည်။
လမ်းဆိုးသည့်အတွက် နှစ်ဘီးနောက်မှ လိုက်လာသည့် ခရီးသည်များ ပြုတ်ကျ ဒဏ်ရာရမှုများ၊ ချိုင့်ခွက်များကို ရှောင်ရင်း သုံးဘီးနှင့်နှစ်ဘီးဆိုင်ကယ် အချင်းချင်းတိုက်မှုများ၊ ကားများကို လမ်းဘေးရပ်ထားသည့်အချိန် ရှောင်တိမ်းရ ခက်ခဲ၍ လမ်းပိတ်ဆို့မှုများလည်း ဖြစ်ပေါ်နေပြီး ခရီးသွားရာတွင် လိုသည်ထက် ပို၍ ကြန့်ကြာမှုများ ရှိနေသည်ဟုလည်း သိရသည်။
“ဒီလမ်းက အရေးပါတဲ့လမ်းဖြစ်တဲ့အတွက် ကောင်းကောင်းမွန်မွန် ကွန်ကရစ် လမ်းမကြီး ဖြစ်သင့်တယ်။ ထိုနေရာကဖာ၊ ဒီနေရာကဖာ၊ ဒီနေရာက ပြင်လိုက် လုပ်ဖို့အစား လမ်းကြီး တစ်ခုလုံးကိုပဲ အကြီးစား ပြုပြင်မှု လုပ်ပြီးတော့ အားလုံးကို ကွန်ကရစ်ခင်းပေးတာဟာ အကောင်းဆုံး ဖြစ်မယ်လို့ ယူဆပါတယ်”ဟု ဆရာ ဦးသန်းထွန်းက အကြံပြုပြောကြားသည်။
အဆိုပါလမ်းနှင့်ပတ်သက်၍ နိရဥ္စရာ သတင်းဌာနက စစ်တွေမြို့နယ် စည်ပင်ကော်မတီကို မေးမြန်းရာ “လမ်းတစ်ပိုင်း အသစ်ပြုပြင်ဖို့ လာမယ့်နှစ် အစိုးရဘတ်ဂျက်ထဲမှာပါတယ်။ နောက်တစ်ပိုင်းက လမ်းတစ်ခုလုံး ပြုပြင်ဖို့အတွက် ကုန်ကျမှုကို တွက်ချက်ပြီးတော့ အစိုးရကို တင်ပြထားတယ်။ နောက်နှစ် ဘတ်ဂျက်ထဲမှာ ထည့်ပေးမယ်လို့ ပြောပါတယ်”ဟု စစ်တွေမြို့နယ် စည်ပင်ကော်မတီမှ အမှုဆောင်အရာရှိ ဦးကျော်မိုးက ပြောသည်။







