တောင်သူလယ်သမားများ အရေးကို ဆောင်ရွက်နိုင်ရန် ကျစ်လစ်ခိုင်မာသော လယ်သမားသမဂ္ဂ တစ်ခုပေါ်ပေါက်ရေး ရည်ရွယ်ချက်ဖြင့် ပထမဆုံး အကြိမ် ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူ လယ်သမားသမဂ္ဂ၏ ဗဟိုညီလာခံကို စစ်တွေမြို့တွင် ကျင်းပနေကြောင်း သတင်းရရှိသည်။
“ခေတ်အဆက်ဆက် အဖိနှိပ်ခံ၊ အနှိမ်ခံ တောင်သူလယ်သမား ဘဝတွေကို မြှင့်တင်နိုင်ဖို့အတွက် စနစ်ကျ ခိုင်မာတဲ့ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ တစ်ခု ပေါ်ပေါက်ဖို့လိုအပ်နေပါတယ်။ ဒီရည်ရွယ်ချက်နဲ့ ဒီညီလာခံကို ခေါ်ယူကျင်းပရတာ ဖြစ်ပါတယ်”ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂတာဝန်ခံ အတွင်းရေးမှူး ဦးကျော်ဇံက ပြောကြားသည်။
ညီလာခံကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အလိုတော်ပြည့်ကျောင်းတိုက် ဓမ္မာရုံတွင် သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၈ နာရီခွဲခန့်မှ စတင်ခဲ့ပြီး သြဂုတ် ၁၅ ရက်နေ့ထိ ၄ ရက်ကြာကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရ၏ အာမခံချက်များ၊ စိစစ်ရေးကော်မတီဥက္ကဋ္ဌနှင့် လယ်ယာ သားငါး၊ သစ်တောနှင့် ဆည်မြောင်းလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ မြေပုံမြို့နယ် ပြည်နယ် အမတ် ဦးအောင်ဝင်းက “၁၉၈၈ ကနေ လယ်ယာဆည်မြောင်းတွေကို စစ်အာဏာရှင်အစိုးရတွေက သိမ်း၊ စီးပွားရေး သမားတွေက ပုဇွန်ကန်လုပ်ဖို့ အပိုင်သိမ်းနဲ့ ရခိုင်ပြည်နယ်က လယ်သမားတွေရဲ့ လယ်ဧက ၅ သိန်းကျော် အသိမ်းခံခဲ့ရပါတယ်။ လယ်သမားတွေဟာ ကိုယ်ပိုင်တဲ့ တာမှာ ကိုယ်ငါးဖမ်းလို့ မရတဲ့ အနေအထားမှာ ကျရောက်ခဲ့ရပြီးတော့ လယ်ပိုင်ရှင်ဘဝကနေ သူများဆီမှာ အခိုင်းစေခံရတဲ့ အလုပ်သမားဘဝကို ကျရောက်နေရပါတယ် ”ဟု ညီလာခံတွင် ပြောကြားသည်။
ရခိုင်ပြည်နယ်လွှတ်တော်က လယ်သမားများ မြေယာသိမ်းဆည်းခံရမှုများကို ကော်မတီဖွဲ့၍ ကိုင်တွယ်ဖြေရှင်းလာရာ ယခင် အစိုးရ သက်တမ်း ၅ နှစ်တွင် တိုင်ကြားမှု ၁၂၀၀ ကျော် ရှိသည့်အနက် အမှု ၄၀၀ ကျော်ကိုသာ ဖြေရှင်းနိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း တိုင်ကြားမှု ၆၀၀ ကျော် ရှိနေသည့်အနက် အမှု ၁၂၀ ကိုသာ ဖြေရှင်းနိုင်သေးကြောင်း ဦးအောင်ဝင်းဆက်လက် ပြောကြားသည်။
ညီလာခံတွင် ရခိုင်ပြည်ကွန်မြူနစ်ပါတီ ACP ၏ ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သူ ဦးခိုင်စိုးက “မြန်မာ နိုင်ငံသမိုင်းမှာ ဘဏ်လုပ်ငန်းကို ထူထောင်ခဲ့ကြသူတွေဟာ ရခိုင်တွေဖြစ်ပေမယ့် ဒီနေ့အချိန်မှာ ရခိုင်ပြည်နယ်ထဲမှာ ရခိုင်တွေပိုင်တဲ့ ဘဏ်တစ်ခုမှ မရှိသေးဘူး။ ရခိုင်ပြည်သူတွေရဲ့ ဘဝကို မြှင့်တင်ချင်ရင်၊ လယ်သမားဘဝကို မြှင့်တင်ချင်ရင် ရခိုင်စီးပွားရေးသမားတွေ၊ ငွေရှင် ကြေးရှင်တွေ စုပေါင်းပိုင်တဲ့ ဘဏ်တစ်ခု ထူထောင်ဖို့ လိုအပ်ပါတယ်”ဟု ပြောကြားသည်။
စီးပွားရေးသမား၏ သဘော သဘာဝအရ အမြတ်ရလိုမှုအပေါ်တွင်သာ အလုပ်လုပ်ကြပြီး၊ သူများ နစ်နာမှုကို မစည်းစားကြကြောင်း၊ သို့သော် ယနေ့ ခေတ်စနစ် အပြောင်းအလဲတွင် စီးပွားရေး သမား လုပ်ငန်းရှင်များအနေဖြင့် နှစ်ဦးနှစ်ဘက်ကြီးပွားရေးဘက်ကို ဦးတည်လျှောက် လှမ်းနိုင်ရန် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုလိုအပ်လာသည်ဟု ရခိုင်အများပိုင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးခင်မောင်ကြီးက ပြောသည်။
“ရခိုင်ပြည်နယ်မှာ တစ်နှစ်ကို ဆန်တန်ချိန် ၄ သိန်းထွက်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီထွက်ရှိတဲ့ ဆန်စပါးတွေကို နိုင်ငံခြားကို တင်ပို့နိုင်ရင် တစ်တန်ကို အမေရိကန်ဒေါ်လာ ၂၅၀ လောက် ရရှိနိုင်ပါတယ်။ ဒီလိုသာတင်ပို့နိုင်ရင် လယ်သမားတွေ စျေးကောင်းကောင်းရလာနိုင်မှာ ဖြစ်ပါတယ်”ဟု ဦးခင်မောင်ကြီးက ပြောသည်။
ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂ၏ ကျောက်ဖြူမြို့နယ် အတွင်းရေးမှူး ဒေါ်မိုးမိုးအေးက “အခြေခံ တောင်သူလယ်သမားတွေရဲ့ အကျိုးအတွက် အလုပ်လုပ်လိုတဲ့အတွက် ဒီညီလာခံကို တက်ရောက်လာတာပါ။ ကျမကိုယ်တိုင်လည်း ဗဟိုဦးဆောင်ကော်မတီအဖြစ် အရွေးချယ် ခံမှာပါ” ဟု ပြောသည်။
ရခိုင်လုံးဆိုင်ရာတောင်သူလယ်သမားညီလာခံတစ်ခုကို လွန်ခဲ့သောခဲ့သော ၇၂ နှစ်က ဆရာတော်ဦးစိန္ဒာ ဦးဆောင်၍ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာတွင် ကျင်းပခဲ့သည်ဟု သိရသည်။
လက်ရှိ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂကို ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် မြေပုံမြို့နယ်၌ ကျင်းပသော တောင်သူလယ်သမားအကြိုညီလာခံ၏ ဆုံးဖြတ်ချက်ဖြင့် ဖွဲ့စည်းလာခဲ့သည်ဟု သိရှိရသည်။
ညီလာခံသို့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်နှင့် ပလက်ဝမြို့နယ်မှ တောင်သူလယ်သမား သမဂ္ဂ ကိုယ်စားလှယ်များအပါအဝင် လေ့လာသူများ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်လျက်ရှိသည်ဟု သိရသည်။







