ရခိုင်ပြည်နယ်တွင် ယာဘားစိတ်ကြွဆေးပြားရောင်းဝယ်ဖောက်ကားသူများကို ပြည်နယ် ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်ဖြင့် စီမံချက်ချ လိုက်လံ ဖော်ထုတ် ဖမ်းဆီးနေရာ သြဂုတ် ၈ ရက်နေ့က စစ်တွေတွင် နှစ်ဦးနှင် သံတွဲတွင် တစ်ဦးတို့ကို ယာဘားစိတ်ကြွဆေးပြားများနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
သြဂုတ် ၈ ရက်နေ့က နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် ရဲတပ်ဖွဲ့ဝင်များသည် စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်၊ အကွက် (၂)၊ ဆေးရုံချေ လမ်းသွယ်နေ ဒေါ်လှမြိုင်ချေ (၆၂)နှစ်၊ (ဘ)ဦးရွှေအောင် ၏ နေအိမ်အား မူးယစ်ဆေးဝါးများရောင်းချနေကြောင်းသတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ ရှာဖွေစဉ် နေအိမ်စျေးဆိုင်ရှေ့ခုံတန်းတန်းလျားပေါ်တွင် ထိုင်နေသော သန့်ဇော်ထွန်း (၂၀)နှစ်၊ (ဘ)ဦးမောင်ကံသိန်း၊ ဆင်ကူးလမ်း၊ အကွက် (၃)၊ စစ်တွေမြို့နေသူ လူငယ်အား မသင်္ကာ၍ ၄င်း၏ ခန္ဓာကိုယ်အား သက်သေများရှေ့ စစ်ဆေးရှာဖွေရာ ၄င်း ဝတ်ဆင်ထားသည့် ဘောင်းဘီတိုရှေ့အိတ်ကပ်အတွင်းမှ အပြာရောင် ကပ်ခွာ အိတ်ဖြင့် ထည့်ထားသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား၊ R စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွ ရူးသွပ်ဆေးပြား (၄၀)ပြား မူးယစ်ဆေးဝါးရောင်းချရငွေ မြန်မာငွေ ရောရော ၄သိန်းကျပ်နှင့် MI အမျိုးအစား ငွေရောင်လက်ကိုင်ဖုန်း တစ်လုံးတို့အား သိမ်းဆည်းရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
သူ့အားဆက်လက် စစ်ဆေးရာ ၄င်းမူးယစ်ဆေးဝါးများမှာ ဒေါ်လှမြိုင်၏ ဆေးပြားများ ဖြစ်ကြောင်း၊ တစ်နေ့ ငွေနှစ်သောင်းကျပ်ဖြင့် ရောင်းချပေးနေခြင်း ဖြစ်ကြောင်း၊ ၄င်းမူးယစ် ဆေးဝါးများမှာ ဒေါ်လှမြိုင်၏ ဆေးပြားများဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုကြောင်း၊ သို့အတွက် ဒေါ်လှမြိုင်၏ နေအိမ်အတွင်း ဆက်လက် ဝင်ရောက် ရှာဖွေခဲ့သည်ဟု သိရသည်။
ဆက်လက်၍ ရှာဖွေရာ ဒေါ်လှမြိုင် နေအိမ်အောက်ထပ်ရှိ လှေခါးအနီးတွင် စိမ်း/၀ါ/နီ/ပြာ ပိုက်ဖျာ လိပ်အတွင်း ထည့်ထားသည့် အညိုရောင်ဝေဖာအိပ်ပိုင်းအတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၁ ပြား၊ R စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ပြား၊ NOE NOE စာတမ်းပါ အိတ်ခွံအတွင်းအပြာရောင် ကပ်ခွာအိတ်ဖြင့်ထည့်ထားသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ််ဆေးပြား ၁၂၀ ပြား၊ One Tea စာတမ်းပါ အိတ်ခွံ နှစ်ခုအတွင်းမှ R စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၆၀ ပြား၊ အစိမ်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂ ပြားနှင့် မူးယစ်ဆေးဝါးရောင်းရငွေ မြန်မာငွေ ရောရာ၂သောင်းကျပ်၊ စုစုပေါင်း WY နှင့် R အမှတ်တံဆိပ်ပါဆေးပြား ၅၃၇ ပြား စုစုပေါင်း ကာလတန်ဘိုး ၁၆၁၁၀၀၀ ကျပ်ခန့်နှင့် မူးယစ်ဆေးဝါးရောင်းချရငွေ (၆၀၀၀၀)ကျပ်တို့အား တွေ့ရှိခဲ့သည်ဟု သိရသည်။
အလားတူ သံတွဲမြို့တွင် ယမန်နေ့ (သြဂုတ်လ ၉) နံနက် ၆ နာရီခွဲအချိန်က သံတွဲမြို့၊ အမှတ်(၈)ရပ်ကွက်နေ ကျော်ဝင်းနိုင်(ခ)ဆံရှည်(၃၆)နှစ်၊ (ဘ)ဦးကျော်ရင် ၏ နေအိမ််အတွင်း ဝင်ရောက်ရှိဖွေရာ တရားခံ၏ အိပ်ရာခင်းပေါ်နှင့် အိပ််ယာခေါင်းရင်းနံရံပြင်ထောင့်ကြားတွင် အိတ်ဖြင့်ထည့်လျက် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၇ ပြား ကာလတန်ဘိုး (၁၁၀၀၀၀)ကျပ်နှင့် ကျော်ဝင်းနိုင်(ခ)ဆံရှည်၏ လက်ထဲတွင် ငွေစက္ကူရောရာ (၉၈၀၀၀) ကျပ်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ယခုအခါ စစ်တွေမြို့မှ သန့်ဇင်ထွန်း၊ ဒေါ်လှမြိုင်စိန်နှင့် သံတွဲမြို့မှ ကျော်ဝင်းနိုင်(ခ)ဆံရှည် တို့ မူးယစ်ဆေးဝါးရောင်းချမှုနှင့် လက်ဝယ်တွေ့ရှိမူတို့ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။







