စာရေးဆရာဝေဟင်အောင် ဟောပြောချက်အသံဖိုင်စတင်စစ်ဆေး၊ ဖြတ်ညှပ်ကပ်လုပ်ထားဟုဆို

စာရေးဆရာဝေဟင်အောင် ဟောပြောချက်အသံဖိုင်စတင်စစ်ဆေး၊ ဖြတ်ညှပ်ကပ်လုပ်ထားဟုဆို
by -
စံမောင်သန်း

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ အား ယမန်နေ့ (သြဂုတ်လ ၆ ရက်နေ့) ၂၀ ကြိမ်မြောက် စစ်တွေခရိုင် တရားရုံးတွင် ရုံးထုတ်ရာ တရားလိုဘက်မှ တင်ပြထားသော စာရေးဆရာ ဝေဟင်အောင် ဟောပြောချက် အသံဖိုင်ကို စတင် စစ်ဆေးခဲ့သည်။

ယင်းသို့ စစ်ဆေးရာတွင် တရားလိုဘက်မှ တင်ပြသည့် မှတ်တမ်းဖိုင် ဟောပြောချက်သည် အသံဖိုင်အတိုင်း အပြည့်အစုံမပါဘဲ လိုရာဆွဲ ဖြတ်ညှပ်ကပ်လုပ်ထားသည်ဟု ကိုဝေဟင်အောင် အမှုတွက် အကျိုးဆောင်လုပ်နေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က သတင်းထောက် များကို ပြောသည်။

“ဟောပြောချက်ကို အသံဖိုင်ဖွင့်ပြီးတော့ မှတ်တမ်းတင်တယ်။ ပြောတာက ရခိုင်လို ဖြစ်နေတယ်။ အမှုတွဲမှာတော့ A 4 စာမျက်နှာ ၁၂ မျက်နှာထိ ဝေဟင်အောင်ရဲ့ ဟောပြောချက်ဆိုတာရှိတယ်။ အဲ့ဒီ ဟောပြောချက်နဲ့ မှတ်တမ်းတင်တဲ့ မြန်မာလို တူလားပေါ့လေ။ အဲ့ဒါကိုတစ်ခါ စိစစ် ရသေးတယ်။ တူတာတွေလည်းရှိတယ်။ ဖြည့်ထည့်ရတာတွေလည်းရှိတယ်။ မတူဘဲနဲ့ ကွဲနေတာတွေလည်း ရှိတယ်”ဟု တရားလွှတ်တော် ရှေ့နေဒေါ်အေးနုစိန်က ပြောသည်။

တရားလိုဘက်က တင်ပြရာတွင် အရေးကြီးသည့် ကိစ္စရပ်များတွင် မတူညီခြင်းရှိသလို၊ အရေး မကြီးသည့် ကိစ္စရပ်များတွင် တစ်ပိုဒ်လုံးကို ချန်ထားခဲ့သည်များလည်း ရှိသည်ဟု ဆိုသည်။

“ကျွန်မတို့ကတော့ တစ်ခုလုံးကို ခြုံငုံသုံးသပ်ရမယ့် အနေအထားဖြစ်တဲ့အတွက် စုံစုံစေ့စေ့၊ ပြည့်ပြည့်စုံစုံ ပါစေချင်တယ်။ ဘာလို့လဲဆိုတော့ ဒီဟောပြောချက်ရဲ့ အကြောင်းအရာတွေဟာ အစ၊ အလယ်၊ အဆုံး သုံးပါးလုံး ညီညွတ်စွာ သုံးသပ်ပြီးမှပဲ အဖြေမှန်ကို ထုတ်နိုင်မယ်။ ကိုယ်လိုတာလေးတွေကို ဆွဲထုတ်ပြီးတော့ စွပ်စွဲတာမျိုးတွေ၊ ကောက်ချက်ထုတ်တာ မျိုးတွေဟာ အမှန်တရားကို ဘယ်တော့မှ မရနိုင်ဘူး”ဟု ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

အသံဖိုင်များကို စစ်ဆေးရာတွင် အသံဖိုင်ကိုဖွင့် နားထောင်လိုက်၊ မြန်မာလိုပြန်လိုက်၊ အမှုတွဲတွင် ရှိနေသည့် မြန်မာပြန်ထားသည့် စာနှင့် တူ မတူစိစစ်ရ၍ အချိန်နှောင့်နှေးကြံ့ကြားမှု ရှိသည့်အပြင်၊ မြို့နယ် တရားရုံးမှ အမှုသည်များကို စစ်ဆေးရန်လိုအပ်သည့်အတွက် အသံဖိုင် စစ်ဆေးခြင်းကို နေ့လယ် ၂ နာရီခွဲတွင် ရပ်တန့်လိုက်ရရာ စာရေးဆရာ ဝေဟင်အောင် ဟောပြောချက်နှင့်ပတ်သက်၍ A 4 ၁၂ မျက်နှာ ရှိသည့်အနက် ၇ မျက်နှာသာ စိစစ်ပြီးစီးခဲ့သည်ဟု သိရသည်။

နောက်တစ်ပတ်ရုံးချိန်းကို သြဂုတ်လ ၁၃ ရက်နေ့ကို သတ်မှတ်လိုက်ပြီး၊ စာရေးဆရာဝေဟင်အောင် ဟောပြောချက်အတွက် ကျန်ရှိနေသေးသည့် အသံဖိုင်ကို စစ်ဆေးပြီးမှ ဒေါက်တာအေးမောင်၏ ဟောပြောချက် အသံဖိုင်ကို စစ်ဆေးသွားမည်ဟု သိရသည်။

တရားလိုဘက်က အသံဖိုင်ကို တင်ပြရာတွင် တင်ပြထားသည့်အသံဖိုင် စီတီပြား ၄ ပြားရှိသည်ဟု သိရသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့တွင် ပြုလုပ်သော ၂၃၃ နှစ်မြောက် ရခိုင့်အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ်နေ့တွင် ဟောပြောခဲ့မှုနှင့် ဆက်စပ်၍ နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု၊ မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မများဖြင့် ဖမ်းဆီးအရေးယူထားပြီ စစ်တွေမြို့ အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ခရိုင် တရားရုံးတွင် ရုံးထုတ်သည့် နေ့များတွင် လုံခြုံရေး အရ မြို့နယ်တရားရုံးတွင် ကြားနာစစ်ဆေးမှုများကို ရပ်တန့်ထားရသဖြင့် တစ်ခြား အမှုသည်များ နစ်နာမှု မရှိအောင် ဆောင်ရွက်သင့်ကြောင်း စာရေးဆရာ ဝေဟင်အောင်က တရားရုံးမှ အထွက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...