တစ်ပတ်တာပြည်တွင်းနိုင်ငံရေးမြင်ကွင်း

တစ်ပတ်တာပြည်တွင်းနိုင်ငံရေးမြင်ကွင်း
by -
သီဟသွေး

ဒီတစ်ပတ် မြန်မာ့ နိုင်ငံရေး သတင်း မြင်ကွင်း ကနေကြိုဆိုပါတယ်။ စာဖတ် ပရိသတ် အားလုံးပဲ မင်္ဂလာပါ ၊ ဒီတစ်ပတ် မှာတော့ သည်းထန်လွန်းတဲ့ မိုးရွာသွန်းမှုတွေ အောက်မှာပဲ မြန်မာ့ နိုင်ငံရေး မှာ ဆူလောင်ပွက်ထနေတဲ့ သတင်းတွေ နဲ့ ပတ်သက်ပြီး ပြောစရာတွေရှိနေပါတယ်။

အမျိုးသားရေး အခြေခံ ဘာသာရေး အင်အားစု ဖြစ်ပြီး မူလ မဘသ အဖွဲ့ ဝင်တွေကိုအခြေခံပြောင်းလဲ ဖွဲစည်းထားတဲ့ ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အဖွဲ့ကို တရားမဝင် အဖွဲ့အစည်းအဖြစ် ဆိုင်းဘုတ် ဖြုတ်ချဖို့ နိုင်ငံတော် သံဃာ့ မဟာ နာယက အဖွဲ့ကြီးက ဖိအားပေးနေချိန်မှာပဲ ကြံ့ခိုင်ရေး နဲ့ တစည ပါတီတွေ က ဦးဆောင်လို့ ပါတီ ၂၀ကျော်ဟာ ပြီးခဲ့တဲ့ စနေ နေ့မှာ အဲဒီ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အခြေပြုရာ အင်းစိန်ရွာမကျောင်းမှာ စုရုံးစည်းဝေးမှုတွေ ပြုလုပ်ခဲ့ပါတယ် ။

တနင်္လာ နေ့မှာတော့ နေပြည်တော် လွှတ်တော်တွေ ပြန်လည်စတင်ကျင်းပခဲ့ပြီး အဲဒီ လွှတ်တော် မှာ သတင်းယူနေတဲ့ သတင်းထောက်တွေကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အဆင့်မြင့် အရာရှိကြီးတစ်ဦးက သူ့ကို ဓာတ်ပုံ မရိုက်ဖို့ ခြိမ်းခြောက်တားမြစ်ခဲ့သလို ဆဲရေးတိုင်းထွာခဲ့ တဲ့အတွက် လူမှုကွန်ရက်ပေါ်မှာအဲဒီသတင်း နဲ့ ဗီဒီယိုဖိုင်အပေါ် ဝေဖန်မှုတွေ နဲ့ပွဲဆူခဲ့ပြန်ပါတယ်။

အဲဒီနေ့မှာပဲ ကယားပြည်နယ်လွိုင်ကော်မြို့မှာ အငြင်းပွားဖွယ် ဗိုလ်ချုပ် ရုပ်တု ကိစ္စ နဲ့ ပတ်သက်ပြီး ကယားပြည်နယ် ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ပြည်နယ်အစိုးရအနေနဲ့ ဗိုလ်ချုပ် ရုပ်တု စိုက်ထူရေး အစီအစဉ်ကို စွန့်လွှတ် လိုက်ပြီ ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ သိုသော်လည်း ဗိုလ်ချုပ် ရုပ်တု စိုက်ထူရေး ကို ဆက်လက်ဆောင်ရွက်လိုတဲ့ လူထုအဖွဲ့အစည်းတွေရှိရင် ပြည်နယ်အစိုးရအနေနဲ့ ကူညီမယ် လို့ သတင်းစာရှင်းလင်းပွဲမှာ တခါတည်း ပြောကြားလိုက်တဲ့အတွက် ဗိုလ်ချုပ် ရုပ်တု စိုက်ထူမှု ဆန့်ကျင်ရေး အဖွဲ့တွေက ဒါဟာ ပြည်သူအချင်းချင်း တိုက်ပေးတဲ့ လုပ်ရပ်အဖြစ် စွပ်စွဲလိုက်တာကိုတွေ့ကြရပြန်ပါတယ် ။

ဒါ့အပြင် အခုအပတ် အင်္ဂါနေ့ကနေစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ကရင်ပြည်နယ် မှာ ရေကြီးမှုတွေ ကြီးမားပြင်းထန်စွာ ဖြစ်ပေါ်ခဲ့တာကြောင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဟာ ကရင်ပြည်နယ်ဘားအံမြို့မှာ လူထု စကားဝိုင်းလုပ်ဖို့ မူလက စီစဉ်ထားတာကို ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီလို စကားဝိုင်း အစီအစဉ် ကို ဖျက်သိမ်းခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရေကြီးနေတဲ့ ဘားအံမြို့ကို သွားရောက်ခဲ့ပြီး ရေဘေး ဒုက္ခသည်တွေ ကို တွေ့ဆုံ အားပေးခဲ့တာကိုထူးခြားစွာတွေ့ခဲ့ကြရပါတယ်။

အဲဒီနေ့မှာပဲ ပြည်သူလူထုအကြားမှာ အံ့အားသင့်စရာသတင်းတစ်ပုဒ်လည်းပေါ်ထွက်လာခဲ့ပါသေးတယ် ။ အဲဒါကတော့ ခိုက်ရန်ဖြစ်ပွား ပြီး သေဆုံးခဲ့ရတဲ့ တစ်ကိုယ်တော် ဟာသ ဗီဒီယို တင်ဆက်သူ အောင်ရဲထွေးရဲ့ ဖြစ်စဉ်မှာ တရားခံအဖြစ်တရား ရင်ဆိုင်နေရတဲ့ လူငယ် ၃ ဦးကို တရားရုံးက အမှုကို ရုပ်သိမ်းပြီး တရားရှင်လွှတ်လိုက်တဲ့ သတင်းပဲဖြစ်ပါတယ် ။

အများ ပြည်သူအကြားမှာ အခုလို တရားစီရင် ဆုံးဖြတ်မှုအပေါ် မေးခွန်းထုတ်နေကြပြီး ဒီကိစ္စဟာ နိုင်ငံရေး နဲ့ တိုက်ရိုက် သက်ဆိုင်ခြင်းမရှိပေမယ့် ဒီလို ဒီမိုကရေစီ ခေတ်မှာတော့ ဖြစ်သင့်တဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူးဆိုတဲ့ ဝေဖန်မှုတွေ ဟာလည်း ဥပဒေ လောက ကနေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီတစ်ပတ်ဖြစ်စဉ်တွေအားလုံး ဟာ ဒီကနေ့ အရပ်သား အစိုးရ အုပ်ချုပ်နေတဲ့ ခေတ် ရဲ့ အခြေအနေ အရပ်ရပ်ကို ထင်ဟပ်စေတဲ့ သတင်းဖြစ်စဉ်တွေပဲဖြစ်ပါတယ်။

ဘာသာရေးနှင့်နိုင်ငံရေး

ပထမဆုံး နိုင်ငံတော် သံဃာ့ မဟာ နာယက အဖွဲ့ နဲ့ ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အကြားက အားပြိုင်မှုတွေဟာ နိုင်ငံရေး အားပြိုင်မှုတွေဆီ ကူးဆက်လာတော့မလားဆိုတဲ့ တွေးဆချက်ကနေ စတင်ချင်ပါတယ်။

တိုက်ဆိုင်တယ်ပဲပြောရမလား အတိုက်အခံ ပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ဖွံ့ဖြိုးရေး ပါတီ အပါအဝင် အခြား နိုင်ငံရေး ပါတီ ၂၂ ပါတီ ဟာ သူတို့ ရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ဗျူဟာအတွက် စည်းဝေးတိုင်ပင်မှုကို နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ က တရားမဝင် အသင်းအဖြစ် ကြေညာထားတဲ့ အဲဒီ ဖောင်ဒေးရှင်း နေရာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ် ။

အခုလို ဖောင်ဒေးရှင်းမှာ ပါတီစုံ စည်းဝေးတိုင်ပင်မှုဟာ ဒုတိယ အကြိမ်ဖြစ်ပြီး ပထမအကြိမ်ကိုတော့ ပြီးခဲ့တဲ့ ဇွန်လမှာ လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေရာမှာ စဉ်းစားစရာတစ်ချက်တည်းဖြစ်ပါတယ် ။ နိုင်ငံရေးပါတီတွေအနေနဲ့ အစည်းအဝေးကျင်းပ ဖို့ ရွေးချယ်စရာနေရာများစွာ ရှိပေမယ့် ဘာကြောင့် အမျိုးသားရေးဝါဒီ အဖြစ် ကျော်ဇောပြီး မျိုးစောင့် ဥပဒေ ကို အစပြုပေးခဲ့တဲ့ ဘာသာရေး အဖွဲ့အစည်းတစ်ခုရဲ့ နေရာကို ရွေးချယ်ခဲ့ သလဲ ဆိုတာပဲဖြစ်ပါတယ်။

သေချာတာတစ်ခုကတော့ အခုလို စိတ်တူသဘောတူ ပါတီတွေ ဒီနေရာမှာ မဟာမိတ် အင်အားစုတွေ အဖြစ် စုစည်းဖို့ စဉ်းစားချက်ဟာ ဒီ မဟာမိတ် အင်အားစု ဟာ အမျိုးသားရေး အင်အားစု အဖြစ် နိုင်ငံရေး အဓိပ္ပာယ်ဖော်ဆောင်ဖို့ အဓိက ရည်ရွယ်ချက် တစ်ခုဖြစ်မယ် ဆိုတာပဲဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ အတွက်ပြင်ဆင်ကြတယ်ဆိုတာ နိုင်ငံရေး ပါတီတွေ အတွက် စောလွန်းတယ်လို့ ပြောလို့မရပေမယ့် လာမယ့်၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲ ကို ကျော်ပြီး ၂၀၂၀ ရွေးကောက်ပွဲ အတွက် စိတ်စော နေကြတာဟာ လက်ရှိ အာဏာရပါတီ ရဲ့ဆောင်ရွက်ချက်တွေ ဟာ အားနည်းနေပြီ ၂၀၂၀ မှာ အခြားပါတီတွေအတွက် အခွင့်အရေးရှိနိုင်တယ် ဆိုတဲ့ စိတ်အားထက်သန်မှုတွေဖြစ်ပေါ်လာခြင်းကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

တစ်ချိန်တည်းမှာပဲ အမျိုးသားရေးလမ်းကြောင်းကိုပဲ အားပြုပြီးတက်လာမယ့် နိုင်ငံရေးလမ်းကြောင်းကိုပါ မြင်တွေ့နေရပြန်ပါတယ် ။ ဒီနေရာမှာ စိုးရိမ်ပူပန်စရာတစ်ခုက ၂၀၂၀ မတိုင်ခင်မှာပဲ ရခိုင်ကိစ္စအပါအဝင် အထွေထွေ စီးပွားရေး နိုင်ငံရေး အကျပ်အတည်းတွေကြောင့် နိုင်ငံရေး နဲ့ ဘာသာရေး နယ်ပယ်မှာ မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တဲ့ အရိပ်အယောင်တွေ တွေ့မြင်လာရလို့ပဲဖြစ်ပါတယ်။

အကယ်၍များ အတိုက်အခံ နိုင်ငံရေးပါတီတွေ အနေနဲ့ မိမိတို ပါတီ အနိုင်ရရေး အတွက် ဘာသာရေး အနှောင့်အသွား မလွတ်တဲ့ အမျိုးသားရေးကို အားပြုဖို့ ကြိုးစားကြမယ်ဆိုရင် တိုင်းပြည်မှာ ကြီးမားတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရင်ဆိုင်ကြရပါလိမ့်မယ်။

ပါတီစုံ စနစ်ဖြစ်တာကြောင့် ပါတီများအကြား ယှဉ် ပြိုင်ရခြင်းဟာ သဘာဝ ဖြစ်တယ်လို့ဆိုပေမယ့် အခုလို အတိုက်အခံ ပါတီတွေ ရဲ့ လှုပ်ရှားမှုရေချိန်ကို လေ့လာပြီး လက်ရှိ တိုင်းပြည်မှာ မိမိ တို့ ရဲ့ ဦးဆောင်နိုင်မှု အခြေအနေ ဟာ အကောင်းဘက်ကို သွားနေသလား ၊ အဆိုးဘက်ကို ဦးတည် နေသလား ဆိုတာကိုတော့ အာဏာရပါတီ အနေနဲ့လည်း ချိန်ဆ သုံးသပ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း သတိပေးချင်ပါတယ် ။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ တဖြည်းဖြည်းချင်း မီးပေါင် မြင့်လာနိုင်တဲ့ တရားဥပဒေစိုးမိုးရေးအပေါ် ခြိမ်းခြောက်မှုတွေ ၊ အစွန်းရောက်လှုပ်ရှားမှုတွေကိုတော့ ပြည်သူတစ်ယောက်အနေနဲ့ အခုကတည်းက တွက်ဆပြီး စိုးရိမ်မိတယ်လို့ပြောချင်ပါတယ်။

ဒီမိုကရေစီရေးမျက်ခုံးလှုပ်စရာ

နောက်ထပ် ဆွေးနွေးသုံးသပ်လိုတာကတော့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက မီဒီယာတွေအပေါ်ရိုင်းပြစွာဆက်ဆံမှု ကိစ္စပဲဖြစ်ပါတယ်။ မီဒီယာတွေ ကို လိုလားမှုမရှိတဲ့ သဘောထားမျိုးကတော့ အခြား အရပ်ဘက်က နိုင်ငံရေး သမားတွေ ၊ စီးပွားရေး သမားတွေမှာလည်းရှိတတ်ကြပါတယ်။ သို့သော်လည်း တုံ့ပြန်ပုံ တုံ့ပြန်နည်းက အရေးကြီးပါတယ် ။

တပ်မတော်သား ကိုယ်စားလှယ်တွေ အနေနဲ့ မီဒီယာ များနဲ့ အနေစိမ်းသည့်အလျှောက် မီဒီယာတွေ နဲ့ ထိတွေ့ဆက်ဆံတဲ့ အခါမှာ အခက်အခဲတွေ ရှိလို့ အင်တာဗျူး အမေးအဖြေလို ကိစ္စမျိုး ကို ရှောင်ရှားလို ကြတယ်ဆိုတာ သဘာဝကျပါတယ်။

ဒါပေမဲ့ မိမိအနေနဲ့ အများသူငါသွားလာနေတဲ့ အရပ်မှာ မီဒီယာက ဓာတ်ပုံ ဗီဒီယို ရိုက်တဲ့ အခါ မိမိ အနေနဲ့ အရိုက် မခံလို တဲ့ အတွက်ရှောင်ရှားနိုင်သော်လည်း အဲဒီလို ရိုက်တာကို ဆန့်ကျင်နိုင်ခွင့်တော့ မရှိတာတော့သေချာပါတယ်။ နောက်တစ်ချက်က ရောက်ရှိနေတဲ့ နေရာ ဌာနဖြစ်ပါတယ်။

အဆိုပါ အခင်းဖြစ်ပွားရာ နေရာကလည်း မီဒီယာများကို ဓာတ်ပုံ ရိုက်ကူးခွင့်ပြုထားတဲ့ လွှတ်တော် ရဲ့ အဝင်ဝ နေရာ ဌာန ဖြစ်တာကြောင့် မီဒီယာတွေအနေနဲ့ လွတ်လွတ်လပ်လပ် တက်ရောက်လာကြတဲ့ လွှတ်တော် ကိုယ်စားလှယ်အားလုံးကို ပုံမှန် သမားရိုးကျ ရိုက်ကူးနေလေ့ရှိတဲ့နေရာလည်းဖြစ်ပါတယ်။

ဒါကြောင့် မီဒီယာ သမားတွေ အနေနဲ့လည်း အထွေအထူး တွေးတော ဆင်ခြင်နေစရာ မလိုဘဲ ပုံမှန်ရိုက်ကူးနေတဲ့ အခြေအနေတစ် ရပ်မှာ အခုလို မလိုလားဆန့်ကျင်မှုနဲ့ ကြုံတွေ့ရခြင်းဖြစ်ပါတယ်။ သေချာတာကတော့ မီဒီယာသမားတွေအနေနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ သာမန်အားဖြင့် ငြင်းပယ်ရှောင်ရှားလေ့ရှိတဲ့ မေးခွန်း မေးမြန်းခြင်းမျိုး ကို ၎င်း အရာရှိအပေါ် ကြိုးစားခဲ့ခြင်းမရှိခဲ့ဘူးဆိုတာပဲဖြစ်ပါတယ်။

အခြေအနေကို ခြုံပြီးပြောရရင် အရင် ဖြစ်စဉ်ဟောင်းများကို နမူနာယူပြီး အခုလို ခြိမ်းခြောက် ရန်ပြုမှုဖြစ်စဉ် ကနေ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်ကတော့ လွှတ်တော် အုပ်ချုပ်ရေးပိုင်း စီမံခန့်ခွဲ သူတွေက မီဒီယာသမားတွေကို အခုထက်ပိုပြီး ကန့်သတ်တာတွေ လုပ်လာနိုင်ခြေရှိခြင်းပဲဖြစ်ပါတယ်။

ဒါဟာ မီဒီယာတွေ ရဲ့ သတင်းရယူပိုင်ခွင့် ကို ထိပါးလာတဲ့ အထိဖြစ်နိုင်ပါတယ်။ မူလကတည်းက မီဒီယာတွေ ရဲ့ သတင်းရယူပိုင်ခွင် နဲ့ပတ်သက်ပြီး တရားဝင် အာမခံချက်ကို ဥပဒေ ပြဋ္ဌာန်းပြီး သတ်မှတ်ပေးဖို့ တောင်းဆိုတာတွေ လုပ်နေရသေးတဲ့ အချိန်မှာ အခြေအနေက အကောင်းဘက်ကို တိုးမလာဘဲ လက်တွေ့ မှာ ရရှိပြီးသား ၊ အသိအမှတ်ပြုပြီးသား အခွင့်အရေးတွေကို အခုလို ထိပါးခံရတာဟာ လွတ်လပ်တဲ့ ဒီမိုကရေစီ စနစ်ကို ထူထောင်နေချိန်မှာ ဖြတ်မျဉ်းတွေဖြစ်စေတယ်ဆိုတာသတိထားမိလာပါတယ်။

ဒီဖြစ်ရပ်ဟာ သာမန် တစ်ဦးချင်းဆီရဲ့ ပုဂ္ဂလိကသဘောထားအပေါ်မှာ အခြေခံပြီးဖြစ်ခဲ့ခြင်း ဟုတ်မဟုတ် ဆိုတာကလည်း အရေးကြီးနေပြန်ပါတယ်။ ဒါကြောင့် မီဒီယာလောက ရဲ့ ကျောက်ဖျာကြီး အခုလိုတင်းလာတာဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီ ခရီးအတွက် မျက်ခုံးလှုပ်စရာပဲဆိုတာကိုလည်း ပြည်သူအများကို သတိပေးလိုပါတယ်။

ပယောဂကို ကိုယ်တိုင်မဖန်တီးပါနဲ့

နောက်ဆုံးအနေနဲ့သုံးသပ်လိုတာကတော့ ကယားပြည်နယ်က ဗိုလ်ချုပ်ရုပ်တုပြဿနာပဲဖြစ်ပါတယ်။ ကယားပြည်နယ် ဝန်ကြီးချုပ်အနေနဲ့ ဗိုလ်ချုပ်ရုပ်တု စိုက်ထူခြင်း လုပ်ငန်းကို စွန့်လွှတ်လိုက်ပြီ လို့ကြေညာခဲ့ပေမယ့် ဗိုလ်ချုပ်ရုပ်တု စိုက်ထူခြင်းကို လိုလားတဲ့ ပြည်သူများအနေနဲ့ တစ်နည်းတစ်ဖုံ နဲ့ဆက်ပြီးဆောင်ရွက်နေဦးမယ့်သဘောမျိုးပြောကြားခဲ့တာကြောင့် ဒီရုပ်တု စိုက်ထူခြင်း ကို ဆန့်ကျင်လှုပ်ရှားနေတဲ့ ဒေသခံ တပ်ကြွ လှုပ်ရှားသူတွေ အကြားမှာ ဒါဟာ ဒေသခံ ပြည်သူအချင်းချင်းရန်တိုက်ပေးတဲ့ ရည်ရွယ်ချက်အဖြစ်ရှုမြင်ဝေဖန်လာကြပါတယ်။

ဗိုလ်ချုပ်ရုပ်တု ဆန့်ကျင်ရေး အင်အားစုတွေဟာ ရန်ကုန်အထိ ရောက်ရှိလာပြီး သတင်းစာရှင်းလင်းပွဲတစ်ခုကျင်းပခဲ့ပါတယ်၊ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ နာဂ ဒေသ က ဗိုလ်ချုပ်ရုပ်တုဆန့်ကျင်ရေးသမားတစ်ဦးကလည်း သူတို့ဒေသမှာ အလားတူကြုံတွေ့နေရတဲ့ အခြေအနေတွေကို ဝင်ရောက် ရှင်းလင်းခဲ့တာ တွေ့ရပါတယ်။

အခုဆိုရင် ဗိုလ်ချုပ် ရုပ်တု ဆန့်ကျင်ရေးဟာ တိုင်းရင်းသားလောကမှာ နိုင်ငံရေး ဖက်ရှင် တစ်ခုလိုဖြစ်လာနေပါတယ်၊ ဗိုလ်ချုပ်ရုပ်တုတည်ဆောက်ရေး လုပ်ငန်းတွေဟာလည်း ပြည်နယ် အတော်များများမှာ စီစဉ်ထားရှိပြီးသလိုဖြစ်နေတာကြောင့် တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေအဖို့ ဗိုလ်ချုပ် ရုပ်တု တည်ဆောက်ခွင့် ပြုရေး မပြုရေး ပြဿနာဟာ ဒေသခံ တိုင်းရင်းသားတွေ အတွက် တိုင်းရင်းသားအခွင့်အရေး အလံ ကို လွှင့်ထူဖို့ အကောင်းဆုံး အခွင့်အရေးလိုဖြစ်နေပါတယ်။

ဒီလိုအနေအထား မှာ ကယားပြည်နယ် အစိုးရလို ခပ်ကြမ်းကြမ်း ကိုင်တွယ်မှုကြောင့် ဆန့်ကျင်မှု လှုပ်ရှားမှုတွေဟာ ရပ်တန့် မသွားဘဲ ပိုပြီးအားကောင်းလာသလို အခြား ပြည်နယ်တွေနဲ့ အချင်းချင်းချိတ်ဆက်လှုပ်ရှားလာတဲ့သဘောကိုတောင်တွေ့မြင်လာရပါတယ်။

ဒီအခြေအနေမျိုး မှာ ဗိုလ်ချုပ်ရုပ်တု ဆန့်ကျင်ရေး အင်အားစုများ ယူဆသလို ပြည်သူအချင်းချင်း ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်သည်အထိ ခေါင်းမာပြီး ရှေ့ဆက်တိုးမယ်ဆိုရင်တော့ ဖြစ်ပေါ် လာနိုင်တဲ့ အကျိုးဆက်ဟာ စိုးရိမ်စရာကောင်းပါတယ်။ အခုအခါဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နဲ့အတူ ပြည်ထောင်စုစနစ်ကို ပါ တည်ဆောက်အကောင်အထည်ဖော်နေတဲ့ သမိုင်းမှာ ရတောင့်ရခဲ အခြေအနေအချိန်အခါ ဖြစ်ပါတယ်။

ဒီအချိန်မျိုးမှာ ဗမာတွေ စိတ်ကူးအကောင်အထည်ဖော်နေတဲ့ ပြည်ထောင်စု နဲ့ တိုင်းရင်းသားတွေ စိတ်ကူး အကောင်အထည်ဖော်လိုတဲ့ ပြည်ထောင်စုက သိပ်ပြီးဝေးကွာလွန်းသလိုခံစားစေနိုင်တဲ့ အခုလို ဖြစ်ရပ်မျိုးကို NLD အစိုးရအနေနဲ့ အလေးအနက်ထားပြီး ဆင်ခြင်ဖို့လိုပါတယ်။

အာဏာရပါတီ NLD အနေနဲ့ ဗိုလ်ချုပ် အောင်ဆန်းကို ပြည်ထောင်စု ရဲ့ သင်္ကေတ အဖြစ် သဘောထားပြီး သင်္ကေတ နိုင်ငံရေးလှုပ်ရှားမှုအဖြစ် ပုံစံမျိုးစုံ နဲ့ ဆောင်ရွက်ဖို့ စိတ်ကူးရှိပုံရပါတယ်။ သို့သော်လည်း တိုင်းရင်းသားဒေသတွေမှာတော့ အခုလို ပြောင်းပြန်ဆိုးကျိုးပေးနိုင်တဲ့သဘောကို အမြန်ဆုံးသတိချပ်ပြီး ပြင်ဆင်ဆောင်ရွက်သင့်တယ်လို့မြင်ပါတယ် ။

တိုင်းရင်းသားတွေဘက်ကလည်း ဗိုလ်ချုပ်ကို မလိုလားလ့ို တိုက်ရိုက်ဆန့်ကျင်တာ မဟုတ်ဘဲ တိုင်းရင်းသားတွေ ရဲ့ ဆန္ဒ နဲ့ လိုအပ်ချက်တွေ ပြည့်စုံတဲ့ အချိန်မှာ တိုင်းရင်းသားတွေကိုယ်တိုင်က လိုလိုလားလားနဲ့ စိုက်ထူခြင်းက အားလုံးအတွက်အကောင်းဆုံး အနေအထားဖြစ်တယ်လို့ အကြောင်းပြချက်တွေပေးနေပါတယ် ။

အခုအချိန်မှာတော့ဆန့်ကျင်နေတဲ့ တိုင်းရင်းသားတွေ ဘက်ကပေးနေတဲ့အကြောင်းပြချက်တွေက ပိုပြီး လက်ခံချင်စဖွယ်ဖြစ်ပြီး အားကောင်းနေပါတယ် ၊ ငြင်းချက်ပြန်ထုတ် နိုင်လောက်တဲ့ အကြောင်းပြချက်မရှိဘူးလို့မြင်ပါတယ်။ အစိုးရ ကိုထောက်ခံသူတွေကလည်း ဗိုလ်ချုပ်ရုပ်တု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ရဲ့ အနောက်မှာ နိုင်ငံရေး ခြေပုန်း ခုတ်မှုတွေရှိတယ်လို့ တန်ပြန်ထောက်ပြမှုတွေ ရှိပါတယ်။ တကယ်လည်းရှိနိုင်ပါတယ် ။

မည်သိုပင်ဆိုစေ ဗိုလ်ချုပ်ရုပ်တု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ မှာ နိုင်ငံရေး ပယောဂတွေ မကင်းဘူး လို့ဆိုရင် အဲဒီပယောဂတွေ ဝင်လာနိုင်မယ့် အခင်းအကျင်းတွေကို ဖန်တီးခဲ့တာဟာလည်း အစိုးရ ကိုယ်တိုင်ပဲဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။ အားလုံးပဲ သာယာချမ်းမြေ့ကြပါစေ ၊ နောက်တစ်ပတ်မှာ ကောင်းသတင်းတွေ နဲ့ပြန်လည်ဆုံတွေ့ရပါစေ .. လို့ ။

 

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...