မိုးအဆက်မပြတ်ရွာသွန်းနေသဖြင့် ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းရှိ ရန်ကုန်-စစ်တွေ ကားလမ်းပေါ်တွင် နေရာတစ်ချို့ ရေကျော်မှုများရှိနေသဖြင့် ခရီသွားပြည်သူများအနေဖြင့် သတိဖြင့် သွားလာကြရန် လိုအပ်နေကြောင်း လူမှုရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် အမ်းဒေသခံ ကိုဇော်လင်းအောင်က ပြောသည်။
“ အခု တပ်တောင်ဘက်ကလာတဲ့ ကားမောင်းတဲ့ သူငယ်ချင်း တစ်ယောက်ပြောတာက ဂယ်လောင်းရွာအနီးမှာ ရေကျော်နေတယ်။ တပ်တောင်နဲ့ အမ်းလမ်းအကြားမှာဖြစ်ပါတယ်။ အခုရေကျော်နေပြီဖြစ်တဲ့အတွက် ညနေပိုင်းလောက်ဆိုရင် ပိုများလာနိုင်တာကြောင့် အိမ်စီးကားတွေ သွားလာလို့ ရတော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်” ဟု ဦးဇော်လင်းအောင်က ပြောသည်။
၎င်းပြင် အမ်းသို့ တက်လာနေကြသည့် တပ်တောင်၊ မင်းတပ်၊ ညောင်ချောင်းဘက် စသည့် ကျေးရွာများမှ ကားများလည်း အသွားအလာမရှိဘဲ ဖြစ်နေကြောင်း သိရသည်။
Micheal Wolfe ဖေ့စ်ဘုတ်တွင် ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် မိုင်တိုင် ၄/၀ မှ ၂၂/ ၀ အတွင်း နေရာ ၈ နေရာကို ရေကျော်နေပြီး မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေ၍ ရေဆက်တက်နိုင်ကြောင်း ဖော်ပြသည်။
၎င်းပြင် ဟန်မင်းလှိုင်၏ ပို့စ်တွင်လည်း အမ်းမြို့နယ် အတွင်း အမ်း-တပ်တောင် ကားလမ်ပေါ်ရှိ ဂယ်လောင်း ကျေးရွာအနီးရှိ ကားလမ်းမှာ ရေကျော်လျက်ရှိပြီး အမှတ် ၃၆၃ တပ်ရင်းအနီး ကားလမ်းလည်း ရေကျော်လျက်ရှိကြောင်း၊ အနည်းဆုံး နေရာ ၄ နေရာတွင် ရေကျော်နေကြောင်း ရေးသားဖော်ပြထားပါသည်။
မိုးရွာလျှင် ရေကျော်နေကျဖြစ်သော မဲလမောင်း၊ ကံ့ကော်မြိုင်တို့တွင်လည်း ရေကျော်နေပြီဟု သိရှိရသည်။ ကံံ့ကော်မြိုင်တွင် ယခင်တစ်ကြိမ် ရေကြီးစဉ်က မြေပုံမြို့နယ်မှ မောင်နှမ နှစ်ဦး ကားနှင့် အတူ ရေထဲမျောပါ သေဆုံးခဲ့ရသော နေရာဖြစ်ကြောင်း ကိုဇော်လင်းအောင်က ပြောသည်။







