“ အဓိကတော့ ရခိုင်ပြည် လက်ရှိနိုင်ငံရေးကို သုံးသပ်ဖို့အတွက် အစည်းအဝေးခေါ်တာပါ။ ရခိုင် အမျိုးသားပါတီ ( ALD) က ဦးဆောင်ပြီး အစည်းအဝေး ခေါ်တာပါ။ လူပေါင်း ၁၀၀ ကျော် တက်ရောက်မှာ ဖြစ်ပါတယ်” ဟု ALD/ANP ပါတီခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ဦးမျိုးကျော်က ပြောသည်။
အစည်းအဝေးသို့ တက်ရောက်ကြမည့်သူများမှာ ရခိုင်ပြည်နယ် မြို့နယ် (၁၇) မြို့နယ်မှ ကိုယ်စားလှယ်များ အပြင် ချင်းပြည်နယ် ပလက်ဝ၊ ဧရာဝတီတိုင်း၊ ရန်ကုန်၊ မန္တလေး၊ ပြည်ပ ဘန်ကောက်၊ အမေရိကန်ပြည်ထောင်စု တို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြမည်ဟု သူက ပြောဆိုသည်။
ALD ပါတီအား ပြန်လည် ထူထောင်ရန် သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသဖြင့် ပါတီထူထောင်ရေး ကိစ္စ ဆွေးနွေးပါမည်လားဟု မေးမြန်းရာ ဦးမျိုးကျော်က “ ရန်ကုန်မှာ ခေါင်းဆောင်တွေ ဆွေးနွေးတုန်းက ဒီကိစ္စကို သဘောတူထားတယ်။ ဒါကြောင့် ရခိုင်နိုင်ငံရေး အခြေအနေကို ဆွေးနွေးမယ်။ အဲဒီ အထဲမှာ ပါတီထူထောင်ရေး ကိစ္စလည်း ပါနိုင်ပါတယ်” ဟု ဦးမျိုးကျော်က ပြောသည်။
အစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်းဆွေးနွေးကြမည်ဖြစ်ပြီး သတင်းသမားများအနေဖြင့် လွတ်လပ်စွာ သတင်းရယူနိုင်ကြောင်း သူက ဆက်လက် ပြောဆိုသွားသည်။







