ရခိုင်တွင် သွေးလွန်တုတ်ကွေးဖြစ်ပွားမှုလျော့ကျလာသော်လည်း သံတွဲမြို့နယ်တွင် ဆက်လက်မြင့်မားနေပြီး သေဆုံးမှုရှိဟုဆို

ရခိုင်တွင် သွေးလွန်တုတ်ကွေးဖြစ်ပွားမှုလျော့ကျလာသော်လည်း သံတွဲမြို့နယ်တွင် ဆက်လက်မြင့်မားနေပြီး သေဆုံးမှုရှိဟုဆို
by -
စံမောင်သန်း

ယခုနှစ်တွင် ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ယခင်နှစ်ကနှင့် နှိုင်းစာလျှင် သွေးလွန် တုတ်ကွေး ဖြစ်ပွားမှုနှုန်းမှာ လျော့ကျနေသော်လည်း သံတွဲမြို့နယ်တွင် သွေးလွန်တုတ်ကွေး ဖြစ်ပွားမှုနှုန်း ဆက်လက်မြင့်မားနေပြီး ကလေးငယ် တစ်ဦးပင် သေဆုံးမှုရှိခဲ့ကြောင်း ဇူလိုင်လ ၆ ရက်နေ့ က စစ်တွေမြို့တွင် ပြုလုပ်သော သွေးလွန်တုတ်ကွေး ဟောပြောပွဲတွင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြောကြားသွားခဲ့သည်။
 

ယခုနှစ် ဇူလိုင်လ ၄ ရက်နေ့အထိ ရခိုင်ပြည်နယ်တွင် သွေးလွန်တုတ်ကွေး ဖြစ်ပွားသူ၂၅၂ ဦးသာ ရှိသေးသော်လည်း သံတွဲမြို့နယ်တွင် သွေးလွန်တုတ်ကွေး ဖြစ်ပွားသူ ၁၃၄ ဦးအထိ ရှိနေပြီး ၅ နှစ် သားအရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးဌာန၏ စာရင်းဇယားများအရ သိရသည်။

“သံတွဲမှာ သေဆုံးသွားတဲ့ ကလေးက သွေးလန့်တဲ့ လက္ခဏာမရှိဘဲနဲ့ သတိလစ်ရာကနေ သေဆုံး သွားတာဖြစ်ပါတယ်။ ဆေးရုံကို ရောက်ပြီး တစ်ရက်လောက် နှစ်ရက်လောက် အတွင်းမှာ သေဆုံးသွားတာဖြစ်ပါတယ်။ ဒီကလေးက ပုံမှန်အားဖြင့် အခြားကလေးတွေလို သွေးလန့်တာ မရှိဘဲနဲ့ သေဆုံးတာကို တွေ့ရှိရပါတယ်။ ဖြစ်ပွားတဲ့ ပုံစံလည်း ပြောင်းလဲ လာတယ်လို့ ကျွန်တော်အနေနဲ့ ထင်ပါတယ်” ဟု သံတွဲမြို့နယ်မှ မြို့နယ်ဆရာဝန်က ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် ၁၂ မြို့နယ်တွင် သွေးလွန်တုတ်ကွေး ဖြစ်ပွား လျက်ရှိရာ သံတွဲမြို့နယ်တွင် ၁၃၄ ဦး၊ စစ်တွေမြို့နယ်တွင် ၂၇ ဦး၊ တောင်ကုတ်တွင် ၂၆ ဦး၊ ပေါက်တောတွင် ၁၇ ဦး၊ မြေပုံတွင် ၁၂ ဦး၊ မာန်အောင်တွင် ၉ ဦး၊ မင်းပြားတွင် ၆ ဦး၊ ပုဏ္ဏာကျွန်းတွင် ၆ ဦး၊ ကျောက်တော်တွင် ၅ ဦး၊ ဂွတွင် ၄ ဦး၊ မြောက်ဦးတွင် ၃ ဦးနှင့် ကျောက်ဖြူတွင် ၃ ဦးရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ရမ်းဗြဲနှင့် အမ်းမြို့နယ်တို့တွင် ဖြစ်ပွာသူ တစ်စုံတစ်ဦးမှ မရှိသေးကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ယခင်နှစ်က သွေးလွန်တုတ်ကွေးဖြစ်ပွားသူ ၂၅၉၃ ဦးရှိခဲ့ပြီး သေဆုံးသူ ၂၇ ဦး ရှိခဲ့သည့်အတွက် ယခုနှစ်တွင် ယင်းကဲ့သို့ မဖြစ်ပွားရအောင် ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက ဦးဆောင်၍ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးတွင် သွေးလွန် တုတ်ကွေး ကာကွယ် နှိမ်နင်းရေးလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်နေသည်ဟု သိရသည်။

ဇူလိုင်လ ၆ ရက်နေ့ နေ့လယ်ပိုင်းက သွေးလွန်တုတ်ကွေး အသိပညာပေး ဟောပြောပွဲသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးနှင့် အခြားဝန်ကြီးများ၊ နယ်ပြည်တော် ဗဟို ရပနက အဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး၊ ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ မြို့နယ်ဆရာဝန်များ၊ စစ်တွေမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အခြားဌာနဆိုင်ရာ အကြီးအကဲများလည်း တက်ရောက်ဆွေးနွေးခဲ့ကြသည်။

သွေးလွန်တုတ်ကွေးရောဂါသည် ခြင်ကျားမှတစ်ဆင့် ဖြစ်ပွားပြီး၊ ခြင်ကျားသည် ရေကြည်များတွင် မျိုးပွားကာ နေ့ဘက်တွင် ကိုက်လေ့ရှိသည်ဟု သိရသည်။

သွေးလွန်တုတ်ကွေးရောဂါကို နှိမ်နင်းရာတွင် ကုသရေးထက် ကာကွယ်ရေးက အဓိက အရေးကြီးသောကြောင့် ကျန်းမာရေးဌာနတစ်ခုတည်းဖြင့် လုံလောက်ခြင်းမရှိဘဲ၊ ပညာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဌာန၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ရန် လိုအပ်သည်ဟု ဆွေးနွေးသွားကြသည်။

လွန်ခဲ့သည့်နှစ်က ရခိုင်ပြည်နယ်တွင် သွေးလွန်တုတ်ကွေးဖြစ်ပွားမှုနှုန်း မြင့်မားခဲ့သည့်အတွက် ယခုနှစ် ဧပြီလမှစတင်၍ သွေးလွန်တုတ်ကွေး ကာကွယ်ရေးအတွက် ဆောင်ရွက်လာခဲ့သည်ဟု သိရသည်။

“မနှစ်က များစွာ ဖြစ်ခဲ့တဲ့အတွက်ကြောင့် ဒီနှစ်ထဲမှာ ခြင်ပေါက်ဖွားများတဲ့ မိုးရာသီမကျခင် ကျနော်တို့ ဒီဧပြီလကတည်းက ကျနော်တို့မှာ အေဘိတ်လို့ ခေါ်တဲ့ လောက်လန်းသေဆေးတွေကို မြို့ပေါ်နဲ့ ရွာကြီးတွေ၊ ကျန်းမာရေးဌာနရှိတဲ့ နေရာတွေ အားလုံးမှာ ကျနော်တို့ ခပ်ပေး ထားပါတယ်။ နောက် ခြင်သတ်ဆေးဖြန်းတဲ့ဟာတွေကိုလည်း ဆောင်ရွက် ပေးနေပါတယ်”ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က သတင်းထောက်များကို ပြောသည်။

ဟောပြောပွဲ အစီအစဉ်အပြီးတွင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ တက်ရောက်လာကြသည့် မြို့နယ်ဆရာဝန်ကြီးများအား သွေးလွန်တုတ်ကွေး ကုသရေးလက်စွဲများ၊ ရောဂါနှိမ်နင်းရေး လက်စွဲများကို ဆွေးနွေးပို့ချခဲ့သည်ဟု သိရသည်။

ယခုနှစ်တွင် ရခိုင်ပြည်နယ်သည် တိုင်းနှင့်ပြည်နယ် ၁၄ ခု ထဲတွင် သွေးလွန်တုတ်ကွေး ဖြစ်မှုနှုန်း အဆင့် ၉ တွင် ရှိနေသည်ဟု သိရသည်။

ရခိုင်ပြည်နယ်၌ သွေးလွန်တုတ်ကွေးဖြစ်ပွားမှုနှုန်းသည် ၂၀၁၄ ခုနှစ်တွင် မြင့်တက်လာခဲ့ပြီး ဖြစ်ပွားသူ ၁၅၅၀ ဦးရှိ်ခဲ့ရာ၊ ၂၀၁၇ ခုနှစ်တွင် ပိုပြီးအဖြစ်များလာခဲ့ကာ ၂၅၉၃ ဦးရှိခဲ့ရာ ၂၇ ဦးသေဆုံးခဲ့ကြောင်း၊ ယခုနှစ် ဖြစ်ပွားမှုနှုန်း မမြင့်တက်မည် ကာကွယ်ရေးကို ရခိုင် တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် အရှိန်အဟုတ်မြှင့်ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရှိရသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...