များမကြာမီက စစ်တွေမြို့တွင် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီး ပုဒ်မနှစ်ခုဖြင့် တရားစွဲဆို ခံထားရသည့် ဦးအောင်သန်းဝေမှ သူ့အား ပထမဆုံးအကြိမ် ရုံးထုတ်လာစဉ် ဒေါက်တာ အေးမောင်ကို လွတ်ပေးရန်နှင့် လူခုနှစ်ဦးထိ သေဆုံးခဲ့ရသည့် မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်ပြီး တာဝန်ရှိသူများကို အရေးယူဆောင်ရွက်ရန် တောင်းဆိုလိုက်သည်။
“ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေးနဲ့ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး အတွက် ဆောင်ရွက်ခဲ့တဲ့ ရခိုင်ခေါင်းဆောင် ဒေါက်တာအေးမောင်အပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ ကို တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ မတိုင်မီ လွတ်ပေးပါ။ မြောက်ဦးဖြစ်စဉ်တွင် တာဝန်ရှိသူများကို အရေးယူဆောင်ရွက်ပေးဖို့ ကျွန်တော် ဒီနေရာကနေ တောင်းဆိုပါတယ်” ဟု သူက ပြောဆိုသည်။
တရားရုံးသို့ ဇူလိုင်လ ၅ ရက်နေ့ နံနက်က စစ်တွေမြို့နယ် ရုံးထုတ်အပြီး တရားရုံးမှအထွက်တွင် ဦးအောင်သန်းဝေက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
၄င်းအပြင် မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသည့် ပုဂ္ဂိုလ်များကို အမြန်ဆုံး ဖော်ထုတ် အရေးယူပေးရန် ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုလိုသည်ဟု ၄င်းက ပြောသည်။
“ဒုတိယတစ်ချက်က ၂၀၁၈ ခုနှစ် ဇန္နဝါရီလ ၁၆ ရက်နေ့မှာ မြောက်ဦးမြို့နယ်အတွင်းက ရိုးသားတဲ့ ဒေသခံ ဌာနေတိုင်းရင်းသား ပြည်သူတွေကို အကြမ်းဖက်တဲ့နည်းနဲ့ သုတ်သင်ရှင်းလင်း၊ သတ်ဖြတ်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို အမြန်ဆုံး ဖော်ထုတ် အရေးယူပေးဖို့အတွက် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးဗဟို ဥက္ကဋ္ဌဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုလိုပါတယ်”ဟု ဦးအောင်သန်းဝေက ပြောသည်။
ဦးအောင်သန်းဝေသည် အဖမ်းအဆီး မခံရမီကလည်း မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများကို ဝေဖန်မှုများပြုလုပ်ခဲ့သလို အရေးယူမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သေးသည်။
“ကျနော်တို့ခေါင်းဆောင်ဖြစ်တဲ့ ဒေါက်တာအေးမောင်ကိုတောင်မှ ရသေ့တောင်စာပေဟောပြောပွဲ အသေးမွားလေးကိစ္စတစ်ခုနဲ့ ပတ်သက်လို့ နိုင်ငံတော် ပုန်ကန်မှုတို့၊ အစိုးရကို အကြည်ညို ပျက်စေတာတို့ ၊ မတရားအသင်းနဲ့ ဆက်သွယ်တာတို့နဲ့ လုပ်ကြံပြီး စွပ်စွဲထားတာပေါ့ဗျာ၊ ကျနော်တို့က ဘာပြောလို့ ရအုံးမှာလဲ။ ခေါင်းဆောင်ကိုတောင်မှ ဒီလိုပဲ လုပ်ကြံထားတယ်ဆိုရင် ခေါင်းဆောင်ကို ၀ိုင်းရံထောက်ခံမှု ပြုလုပ်နေတဲ့ ကျွန်တော်တို့လို လူတွေကို လုပ်ချင်သလို လုပ်တော့တာပေါ့။ ကျွန်တော်ကို တရားစွဲ ဖမ်းဆီးတာဟာ လုပ်ကြံမှုသက်သက် ဆိုတာကတော့ မြေကြီးလက်ခတ် မလွဲအောင် ထင်ရှားနေပါတယ်”ဟု ဦးအောင်သန်းဝေက ပြောသည်။
ဦးအောင်သန်းဝေ၏ အမျိုးသမီးဖြစ်သူ ဒေါ်အောင်သန်းမြကလည်း ဦးအောင်သန်းဝေကို ဖမ်းဆီးထားခြင်းသည် မတရားဖမ်းဆီးခြင်း ဖြစ်သည့်အတွက် အမြန်ဆုံးလွတ်ပေးစေချင်သည်ဟု သူမ၏သဘောထားကို ပြောကြားခဲ့သည်။
ရုံးထုတ်ရာတွင် လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေးကို ထိခိုက်စေသော ပုဒ်မ ၁၀ နှင့် တရားစွဲဆိုမှုပြုလုပ်ခဲ့ပြီး ဇူလိုင်လ ၁၁ ရက်နေ့ကို ရုံးချိန်းပေးလိုက်သည်ဟု သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဦးတင်မောင်ဆွေကို ဝေဖန်၍ ဦးအောင်သန်းဝေအား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နှင့် လွတ်လပ်မှုနှင့် ပုဂ္ဂိိုလ်ရေးဆိုင်ရာ လုံခြုံရေးကို ထိခိုက်စေသော ပုဒ်မ ၁၀ တို့နှင့် ဦးတင်မောင်ဆွေ လက်မှတ်ထိုး၍ တရားစွဲခဲ့ပြီး၊ ရဲက ဇွန်လ ၂၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။







