ရခိုင်ပြည်နယ် ၊တောင်ကုတ် ဒီဂရီကောလိပ်အတွင်း အမှိုက်ကင်းစင်ရေးအတွက် ပညာပေး ဇာတ်လမ်းတို တစ်ခုအား ရိုက်ကူးရန် စီစဉ်နေကြောင်း တောင်ကုတ်ဒီဂရီ ကောလိပ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုမင်းခန့်မောင်မောင်က နိရဥ္စရာသတင်းဌာန သို့ပြောသည်။
"အဓိကကတော့ ကောလိပ်အတွင်းမှာ အမှိုက်ရှိတွေ ရှိတယ်။အဲ့ဒီအမှိုက်တွေ ဘယ်သူတွေ ပစ်တာလဲဆို တော့ ကျောင်းသားကျောင်းသူတွေပဲပစ်တာပါ။ အဲ့တော့ ကျွန်တော်တို့က အဲ့ဒီလို အမှိုက်ကိုစည်းကမ်းမဲ့ စွန့်ပစ်တာတွေ လျော့ကျလာဖို့ အတွက်ကျောင်းသား ကျောင်းသူတွေကို ဘယ်လိုအသိပညာပေးနိုင်မလဲ။ လက်ကမ်းစာစောင်ဖြန့်ဝေမလား။လက်ကမ်းစာစောင် ဆိုရင်လည်း ဖတ်ချင်တဲ့သူမှ ဖတ်မှာပါ။အခု လူတိုင်း လိုလို ဆိုရှယ်မီဒီယာ အသုံးပြုနေတဲ့အတွက် ဒီအသိပညာပေး ဇာတ်လမ်းတိုကို ရိုက်ကူးပြီး အွန်လိုင်းကနေ တစ်ဆင့် ဖြန့်ချီဖို့ စီစဉ်ရတာပါ" ဟု တောင်ကုတ်ဒီဂရီကောလိပ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုမင်းခန့် မောင်မောင်က နိရဥ္စရာသို့ပြောသည်။
အဆိုပါ ဇာတ်လမ်းတိုအား အချိန်အများဆုံး ၁၀ မိနစ်စာ ရိုက်ကူးမည်ဖြစ်ပြီး သရုပ်ဆောင်မည့် သူများအား ကောလိပ်မှဝါသနာပါသူကျောင်းသားများအား လျှောက်လွှာ တင်ခိုင်းပြီး ရွေးချယ်သွားမည်ဟု သိရသည်။
"ဒီဗီဒီယိုရိုက်ကူးမှာကတော့ ရှေ့တစ်ပတ်နှစ်ပတ် လောက်မှာရိုက်ဖြစ်အောင်စီစဉ်ထားပါတယ်။ အခုလောလောဆယ်ကတော့ အဲ့ဒီဗီဒီယိုကိုရိုက်ကူး နိုင်ဖို့အတွက် သရုပ်ဆောင်ဆိုလည်း နားလည်ပြီး အကြံပေးသင်ပြနိုင်တဲ့ သူတွေ။ ပြီးတော့ ဇာတ်ညွှန်း ပြီးတော့ ရိုက်ကူးရေး ဘက်မှာလည်း နားလည်တတ်ကျွမ်းတဲ့ သူတွေနဲ့ချိတ်ဆက်အကူအညီတောင်းနေပါတယ်" ဟု ကိုမင်းခန့်မောင်မောင် ကဆက်ပြောသည်။
အဆိုပါ ဇာတ်လမ်းတို ကို ကုန်ကျစရိတ်အနည်းငယ်ခန့်ဖြင့် အဆင်ပြေအောင် ရိုက်ကူး သွားမည်ဟု သိရသည်။
ဇာတ်လမ်းတိုကို ရိုက်ကူးပြီး ဖြန့်ချိသည့် အတွက် အမှိုက်ပစ်သူ ၁၀၀ ရာခိုင်နှုန်းတွင် ၂၀ ရာခိုင်နှုန်းလောက် လျော့ကျသွားမည်ဟု ကျောင်းသား သမဂ္ဂအနေဖြင့် မျှော်လင့် ယုံကြည်ထားကြောင်း ကိုမင်းခန့်မောင်မောင်က ပြောသည်။







