ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၆) နယ်မြေ၊ မုံးကို မြို့နယ် Hpawng Seng ကျေးရွာ အရှေ့ဘက် Puwang ရွာထဲသို့ တပ်မ ၉၉ လက်အောက် တပ်ရင်း ၄၇၁ အဖွဲ့မှ အောက်တိုဘာ ၁ ရက် စနေနေ့ နံနက် ၆ နာရီခန့်မှ လက်နက်ကြီးများ စတင် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
၎င်း ကျေးရွာတွင် “မိမိတို့ တပ်ချ ထားခြင်း မရှိ” ဟု နာမည် မဖော်လိုသူ KIA တပ်မဟာ (၆) ထိပ်ပိုင်း အရာရှိ တဦး ကချင် သတင်း ဌာန KNG ကို ပြောသည်။
သေဆုံးသူမှာ အသက် ၁ နှစ် ၆ လ သာ ရှိသေးသော မိန်းကလေး Mangshang Zung Myaw ဖြစ်ပြီး လက်နက်ကြီး ထိမှန်မှုကြောင့် နီးစပ်ရာ တရုတ်ဘက်ခြမ်း Mangshi ဆေးရုံ ခေါ်သွားရာ လမ်းတွင် သေဆုံးသွားခဲ့သည်ဟု ဆိုပါသည်။

ဒဏ်ရာ ပြင်းထန်သော အသက် ၆ နှစ် ခန့် Lagwi Bawm Lang သည် ယခုချိန် Mangshi ဆေးရုံမှာ ဆေးကုသ နေသည်ဟု Hpawng Seng ကျေးရွာ ခရစ်ယာန် ဓမ္မ ဆရာ တဦးက ယခုလို ပြောပါသည်။
“Bawm Lang က အခြေအနေ နည်းနည်းဆိုးတယ်။ အခု မန်ရှီ (တရုတ်ပြည်) ဆေးရုံမှာဘဲ။ အူလည်း ပြတ်သွားတယ်။ အသည်း မှာလည်း လက်နက်ကြီး အဆံ နည်းနည်းဝင်သွားတယ်။ အဲဒါကိုတော့ ထုတ်လိုက်ပြီလို့ ပြောတယ်။ ဆေးရုံ ဘယ်လောက်ကြာ တက်ရမယ်ဆိုတာတော့ မသိဘူး။"
အသက် ၅ နှစ်အရွယ် Lagwi Ting Kyang သည် ဒူူး နားမှာ လက်နက်ကြီး ထိမှန်ခဲ့သော်လည်း ဆေးကုပြီး ယခုချိန် နေအိမ်တွင် ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း ဆရာက ပြောပါသည်။
စနေနေ့ နံနက်ပိုင်း Puwang ရွာသည် အစိုးရတပ်၏ လက်နက်ကြီး ၆ ကြိမ် ပစ်ခတ်ခံရ ပြီးနောက် ရွာသားများ လုံခြံုရာသို့ ထွက်ပြေးခဲ့သည်။ နောက်ပိုင်း စစ်တပ်နှင့် ရွာသူကြီးများ၏ ပြန်ခေါ်မှုကြောင့် အများစု ရွာ ပြန်လာ ကြသည်ဟု ဆိုပါသည်။
တပ်မ ၉၉ တပ်ရင်း ၄၇၁ အဖွဲ့ များက ရွာထဲ စခန်းချလျှက် ဆက်လက် ရှိနေသေးကြောင်း သိရသည်။







