ပေါက်တော ကျောက်မောင်းတွင် ကျောင်းဆောင်မလုံလောက်၍ စာသင်ကြားရေးခက်ခဲနေ

ပေါက်တော ကျောက်မောင်းတွင် ကျောင်းဆောင်မလုံလောက်၍ စာသင်ကြားရေးခက်ခဲနေ
by -
စံမောင်သန်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျောက်မောင်းကျေးရွာ မူလွန်ကျောင်းတွင် ကျောင်းသား ၂၃၀ ကျော်ရှိပြီး၊ အလျား ၆၀ ပေ၊ အနံ ၃၀ ပေရှိသည့် ကျောင်းဆောင် တစ်ဆောင်သာရှိသဖြင့် ကျောင်းသားများ စာသင်ကြားရေး အခက်အခဲဖြစ်နေကြသည်ဟု သတင်းရရှိသည်။

ကျောင်းမောင်းအမကကို လွန်ခဲ့သော ပညာသင်နှစ်က မူလတန်းလွန်ကျောင်းအဖြစ် အဆင့်မြှင့်တင်ပေးခဲ့သော်လည်း လိုအပ်သည့်ကျောင်းဆောင်သစ်ကို ချပေးခြင်းမရှိသဖြင့် ကျောင်းဆရာ ဆရာမများအနေဖြင့် စာသင်ကြားရန် အခက်တွေ့နေသည်ဟု ဆိုသည်။

“အခု KG ကနေ ၆ တန်းထိ ကျောင်းသားစုစုပေါင်း ၂၃၀ ကျော်ရှိပါတယ်။ ကျောင်းဆောင်က ၆၀ ပေ-၃၀ ပေ တစ်ဆောင်ပဲရှိပါတယ်။ ကျောင်းမှာ ကျောင်းသားမဆံ့တဲ့အတွက် ရွာထဲက ဆရာဆရာမအဆောင်မှာ တတိယတန်းက ကျောင်းသား ၄၀ လောက်ကို ခွဲပြီးပြနေရပါတယ်”ဟု ကျောက်မောင်း မူလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမောင်သန်ဌေးက ပြောသည်။

ယင်းသို့ တတိယတန်းကျောင်းသားများကို ခွဲပြီးပြသော်လည်း ကျောင်းသားများ မဆံ့ဘဲ ဖြစ်နေသေး၍ ကျောင်းသားများကို နှစ်သုတ် ခွဲပြရန် ရွာသားများနှင့် ဆွေးနွေးညှိနှိုင်းရန် စီစဉ်နေသည်ဟု သိရသည်။

“ကျနော်တို့ KG ၊ ပထမတန်းနဲ့ ဒုတိယတန်းကို မနက် စောစောကနေ ၁၀ နာရီထိ ပြပြီးတော့ ကျန်ကျောင်းသားတွေကို ၁၀ နာရီခွဲကနေ ညနေ ၄ နာရီထိပြပေးဖို့ စီစဉ်နေပါတယ်”ဟု ကျောင်းအုပ်ဆရာကြီး ဦးမောင်သန်းဌေးကပြောသည်။

ကျောက်မောင်းကျေးရွာ မူလလွန်ကျောင်း၌ မူလတန်းပြ ၄ ဦးနှင့် အလယ်တန်းပြ ၃ ဦးရှိ၍ ဆရာဆရာမ အလုံအလောက်ရှိကြောင်းသိရသည်။

ကျောက်မောင်းကျေးရွာ၌ ကျောင်းဆောင်မလုံလောက်၍ ၉၀ ပေ-၃၀ ပေ ကျောင်းဆောင်သစ် တစ်ဆောင်ချပေးရန် တင်ပြထားသည်မှာ ၃ နှစ်ခန့်ရှိပြီဖြစ်သော်လည်း ယခုထိ ချပေးမှု မရှိသေးကြောင်း သိရသည်။

“၉၀ ပေ-၃၀ ပေ ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ဖို့အတွက် ရွာသားတွေက စုပေါင်းပြီး မြေတစ်ကွက်ကို ၂၅ သိန်းကျပ်နဲ့ လက်ရှိကျောင်းဆောင် အနီးမှာဝယ်ထားပြီးပါပြီ။ ကျောင်းဆောင်သစ် မချပေးတဲ့ ကိစ္စနဲ့ အပေါ်က ပြောတာကတော့ ဒီထက် အခြေအနေဆိုးတဲ့ နေရာတွေအတွက် ကျောင်းဆောင်သစ်တွေ ချပေးနေရတယ်လို့ ပြောကြားနေပါတယ်။ မနေ့ကလည်း ကျောင်းဆောင်အခက်အခဲ ဖြစ်နေမှုကို ပေါက်တောမြို့နယ် ပညာရေးမှူးကို တင်ပြခဲ့ပါသေးတယ်”ဟု ကျောင်းအုပ်ဆရာကြီးက ပြောသည်။

ယခုလက်ရှိကျောင်းဆောင် မလုံလောက်မှုကို ဖြေရှင်းနိုင်ရန် ကျေးရွာသားများနှင့် ညှိနှိုင်း၍ ယာယီကျောင်းဆောင်တစ်ခု ဖြစ်မြောက်ရေးအတွက် စီစဉ်ဆောင်ရွက်သွားမည်ဟု သိရှိရသည်။

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...