တရုတ်ရေနံတင် ဆိပ်ကမ်းတည်ရှိရာ မဒေးကျွန်းဒေသခံများအခက်အခဲမျိုးစုံနှင့် ရင်ဆိုင်ကြုံတွေ့နေရ

တရုတ်ရေနံတင် ဆိပ်ကမ်းတည်ရှိရာ မဒေးကျွန်းဒေသခံများအခက်အခဲမျိုးစုံနှင့် ရင်ဆိုင်ကြုံတွေ့နေရ

တရုတ်ရေနံတင် ဆိပ်ကမ်းတည်ရှိရာ ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ လက်ရှိအခြေအနေတွင် ဖွံ့ဖြိုးတိုးတက်မှု တစ်စုံတစ်ရာ မရှိသည့်အပြင် ဒေသခံ ပြည်သူများမှာ အခက်အခဲမျိုးစုံနှင့် ရင်ဆိုင် နေကြရသည်ဟု ဒေသခံများက ပြောကြားသည်။

မဒေးကျွန်း ကျောက်တန်းကျေးရွာမှ ဦးမောင်မြင့်က “ ပထမ တစ်ချက် ပြောချင်တာက ကျွန်းပေါ်က ရွာတွေမှာ ဖုန်းလိုင်းဆက်သွယ်မှု လုံးဝ မရ ဖြစ်နေပါတယ်။ အစိုး တာဝန်ရှိသူတွေ ပထမ ပြောတာကတော့ ကျွန်းသူကျွန်းသားတွေ ဆက်သွယ်ရေး အဆင်ပြေအောင် MPT ဖုန်းတာဝါတိုင် ထောင်ပေးမယ်လို့ ပြောတယ်။ တိုင်ထောင်တော့ ရွာသားတွေ အတွက်မဟုတ်ဘဲ တရုတ် CNPC ရုံးနားမှာသွားထောင်ပေးတယ်။ အခုလို သွားထောင်တော့ ရွာတွေမှာ ဖုန်းလိုင်းမမိဘဲ ဖြစ်နေတယ်။ ဖုန်းဆက်သွယ်ချင်ရင် ရွာပြင်ကို ထွက်ရတယ်။ ရွာပြင်ကို ထွက်ရင်တောင် မရသေးဘူး။ အမြင့်ဆုံး တောင်ကုန်းပေါ်က တက်ရတယ်။ အဲသလိုမျိုး ဖြစ်နေပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ထိုကဲ့သို့ ဖုန်းလိုင်းမမိဖြစ်နေသဖြင့် ပြင်ပနှင့် ဆက်သွယ်ရာတွင် အထူးအခက်အခဲ ဖြစ်နေကြရသည်ဟု သူက ပြောဆိုသည်။

“ ပြောတော့ ဒေသခံတွေ တိုးတက်ရေး၊ လုပ်တော့ တရုတ်ကုမ္ပဏီအတွက် ဖြစ်နေပါတယ်။ ရွာသားတွေ ဆက်သွယ်ရေး လွယ်ကူအောင် တာဝါတိုင်ထောင်ပေးမယ်လို့ ဝန်ကြီးတွေ လာတုန်းက ပြောခဲ့ပေမယ့် လက်တွေ့မှာရွာသားတွေ ဖုန်းဆက်သွယ်တဲ့ နေရာမှာ အထူး အခက်အခဲ ဖြစ်နေပါတယ်” ဟု သူက ပြောဆိုသည်။

၎င်းအပြင် ကျေးရွာများသို့ CNPC မှ ရေပေးဝေရာတွင်လည်း ရေများတွင် သံချေးများပါလာသဖြင့် လူတောင်မဟုတ် နွားပင် မသောက်နိုင်ဘဲ ဖြစ်နေကြောင်း သူက ပြောကြားသည်။

“ ကျွန်တော်တို့သိရသလောက် မဒေးကျွန်း ဒေသခံတွေအတွက် CNPC ကုမ္ပဏီကနေ သောက်သုံးရေတွေ ပိုက်လုံးက တစ်ဆင့် ဖြန့်ဖြူးပေးနေတယ်လို့ သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။ လက်တွေ့မှာ သူတို့ ပေးတဲ့ရေက သံချေးတွေပါနေတာကြောင့် မသန့်ရှင်းတဲ့ အပြင် အနံ့ပါဆိုးရွားစွာထွက်နေတဲ့ အတွက် လူကို မပြောပါနဲ့ နွားတောင် မသောက်ပါဘူး” ဟု ဦးမောင်မြင့်က ပြောကြားသည်။

ထိုသို့ တရုတ်CNPC မှ ဖြန့်ဝေနေသော ရေများမသန့်ရှင်းဘဲ ဖြစ်နေသဖြင့် သန့်ရှင်း အောင်လုပ်ပေးနိုင်ရန် အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးကိုယ်တိုင် သွားရောက် တင်ပြသော်လည်း CNPC တာဝန်ရှိသူများမှ လုံးဝ အလေးမထားသည့် အပြင် တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက် ပေးခြင်း မရှိကြောင်း၊ ၎င်းပြင် ရေဖြန့်ဖြူးရာတွင်လည်း တရုတ်ကုမ္ပဏီအတွက် ရေကို သန့်စင်စက်ဖြင့် သန့်စင်ပြီး ပို့လွတ်သော်လည်း ရွာသားများအတွက် ရေကို သန့်စင်စက်ဖြင့် သန့်စင်ပြီး ဖြန့်ဖြူးခြင်း မဟုတ်ကြောင်း သူက ပြောဆိုသည်။

၎င်းပြင် CNPC မှ ဖောက်လုပ်ထားသည့် လမ်းများမှာလည်း လုံးဝပျက်စီးနေပြီး ကျောင်းသား ကလေးငယ်များအနေဖြင့် စက်ဘီးဖြင့်ပင် သွားလာ၍ မရ ဖြစ်နေကြောင်း ကျောက်တန်းရွာမှ ကိုးတန်းကျောင်းသူ တစ်ဦးဖြစ်သူ မခိုင်ပြည့်စုံက ပြောကြားသည်။

“ လမ်းတွေက အရမ်းဆိုးပါတယ်။ လမ်းတစ်လျှောက်လုံး ရွံ့ဗွက်တွေနဲ့ ဖြစ်နေပါတယ်။ ခြေနဲ့ဘဲ သွားတက်ရပါတယ်။ မိနစ် ၃၀ ခန့်သွားရပါတယ်။ ကျွန်မတို့က ပြိန်မှာရှိတဲ့ အထက ကျောင်းခွဲကို ကျောင်းသွားတက်ရပါတယ်။ ကျွန်မတို့ရွာက ကျောင်းသား ကျောင်းသူ ၈၀ လောက်ရှိပါတယ်” ဟု သူမက ပြောဆိုသည်။

တရုတ်စီမံကိန်းများ တည်ရှိသည့် ကျောက်ဖြူမြို့နယ် မဒေးကျွန်း ဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရ တာဝန်ရှိသူများမှ ပြုလုပ်ပေးမည်ဟု ဂတိအကြိမ်ကြိမ်ခံပြီး ပြောကြားသော်လည်း လက်တွေ့တွင် တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိကြောင်း ကျေးရွာလူကြီး တစ်ဦးဖြစ်သူ ဦးလှစိန်ကလည်း ပြောကြားသည်။

ကျောက်တန်းရွာမှ အမျိုးသမီးများအား မေးမြန်းရာတွင်လည်း တရုတ်ကုမ္ပဏီ၏ စီမံကိန်းကြောင့် သူမတို့ဘဝမှာ တစ်စုံတစ်ရာ တိုးတက်ပြောင်းလဲမှု မရှိဘဲ ယခင်ကထက်ပင် စီးပွားရေး အကျပ်အတည်းရှိလာသည်ဟု ပြောဆိုသည်။

“ အရင်ကလည်း ဒီဘဝ၊ အခုလည်း ဘဝပါ။ တောထဲ တောင်ထဲ ဟင်းခူးပြီး ရောင်းစားနေရတဲ့ ဘဝပါ။ ဒီကုမ္ပဏီတွေကြောင့် ကျွန်မတို့ ဘာမှ တိုးတက်ပြောင်းလဲလာတာ မရှိပါ” ဟု ဟင်းသီးဟင်းရွက်ခူးပြီး ရောင်းချနေသူ အမျိုးသမီး တစ်ဦးက ပြောကြားသည်။

တရုတ်ရေနံတင်သင်္ဘောဆိပ် အနီးတွင် ငါးဖမ်းခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူ ရွာမရွာမှ ဒေါ်မဖြူချေအား မေးမြန်းရာ သူမက “ ကျွန်မတို့ရွာက လူတွေက အရင်က မချမ်းသာပေမယ့် စပါးစိုက်လို့ ဝမ်းစာဖုံလှုံတယ်။ မကြောင့်ကြ မစိုးရိမ်ရဘူး။ အခု လယ်လည်း မရှိတော့ဘူး။ လယ်တွေကိုလည်း တရုတ်စီမံကိန်းအတွက် သိမ်းယူလို့ ကုန်ပြီ။ လယ်တွေအတွက် လျော်ကြေးရပေမယ့် ရတဲ့ ပိုက်ဆံလည်း အလုပ်မရှိ၊ ထိုင်းစားလို့ ကုန်ပြီ။ လယ်လည်း မရှိတော့ဘူး။ အလုပ်လည်း မရှိတော့ အများစုက လုံးဝ စားဝတ်နေရေး အခက်အခဲ ကျရောက်နေကြရပါတယ်” ဟု ပြောသည်။

၎င်းပြင် တရုတ်စီမံကိန်းတွင် အလုပ်ခန့်အပ်ရာတွင်လည်း ကျွန်းပေါ်က လူများကို အလုပ်ခန့်အပ်မှု အနည်းအကျဉ်းသာရှိပြီး ထိုသူများမှာလည်း တရုတ်ကုမ္ပဏီနှင့် အဆင်ပြေသူများကိုသာ ရွေးချယ်ခန့်အပ်ကြောင်း ဒေသခံများက ပြောကြားသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...