ကျောက်တော်မြို့နယ် ပီကောက်ဝ မူလတန်းကျောင်း(ခွဲ) ကျောင်းအင်္ဂါရပ်နှင့် မညီဖြစ်နေ

ကျောက်တော်မြို့နယ် ပီကောက်ဝ မူလတန်းကျောင်း(ခွဲ) ကျောင်းအင်္ဂါရပ်နှင့် မညီဖြစ်နေ
ဓာတ်ပုံ-၂၀၁၈ ခုနှစ်ဇွန် ၂၈ ရက်နေ့တွင် ရိုက်ယူထားသည့် ပီကောက်ဝ ကျေးရွာ မူလတန်းကျောင်း(ခွဲ) ဓါတ်ပုံ
ဓာတ်ပုံ-၂၀၁၈ ခုနှစ်ဇွန် ၂၈ ရက်နေ့တွင် ရိုက်ယူထားသည့် ပီကောက်ဝ ကျေးရွာ မူလတန်းကျောင်း(ခွဲ) ဓါတ်ပုံ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပီကောက်ဝ ကျေးရွာ မူလတန်းကျောင်း(ခွဲ)၏ ကျောင်းဆောင်မှာ အစိုးရ စာသင်ကျောင်း တစ်ကျောင်း၏ အင်္ဂါရပ်နှင့် မညီဘဲ ဖြစ်နေသဖြင့် ကလေးငယ်များ စာသင်ကြားရာတွင် အခက်အခဲ ဖြစ်နေကြသည်ဟု သိရသည်။

“ ကျောင်းအင်္ဂါရပ်နဲ့ မညီဆိုတာက မြင်တဲ့ အတိုင်းပါဘဲ။ ဓနိမိုး၊ ထရံကာထားတဲ့ ၁၀ ပေလောက် အရှည်ရှိတဲ့ကျောင်းမှာ ကလေးငယ်တွေ ဒီအတိုင်း ပျစ်ညှပ်ပြီးတော့ စာသင်ကြားနေကြရပါတယ်။ အခန်းကျဉ်းတဲ့ အတွက် ကလေးတွေ ဖြစ်သလို စာသင်နေကြသလို ဆရာ ဆရာမတွေ ထိုင်ဖို့ စားပွဲခုံ၊ ကုလားထိုင်တောင် ချမယ့်နေရာတောင် မရှိပါဘူး” ဟု ကျေးရွာလူကြီး တစ်ဦးဖြစ်သူ ဦးမောင်သိန်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ပီကောက်ဝ မူလတန်းကျောင်း (ခွဲ) တွင် ကျောင်သားကျောင်းသူ ၃၅ ယောက်ရှိပြီး ဆရာတစ်ဦးနှင့် ဆရာမ တစ်ဦးရှိကြောင်း သိရသည်။

“ ဒီကျောင်းကို ဖွင့်တာ ၅ နှစ်ရှိပါပြီ။ ကျောင်းဆောင်ကို ခုထိ မချပေးသေးတာက ကျောင်းသားနည်းလို့လား၊ ရွာငယ်လို့လားတော့ မပြောတတ်ဘူး။ ကျွန်တော်တို့ တင်ပြ တောင်းခံထားတာ ကြာပါပြီ” ဟု သူက ပြောကြားသည်။

ပီကောက်ဝကျေးရွာ မူလတန်းကျောင်း (ခွဲ) မှ ကျောင်းဆရာဖြစ်သူ ဦးမောင်ဟန်သိန်းအား မေးမြန်းရာ မူလတန်းအတွက် ကျောင်းဆောင်သစ် တစ်ဆောင် လိုအပ်နေကြောင်း ပြောကြားသည်။

“ တစ်ခြားရွာတွေမှာတော့ ကျောင်းဆောင်တွေ အသီးသီးရသွားကြပါပြီ။ ဒီကျောင်းကတော့ ကျန်နေခဲ့တယ်။ ဒီကျောင်းကိုလည်း အစိုးရက ကျောင်းဆောင်သစ် တစ်ဆောင် ချပေးဖို့ လိုလားပါတယ်။ အခုက ကျောင်းငယ်တော့ စာသင်ကြားရတာ အခက်အခဲတွေ ရှိနေပါတယ်” ဟု ပြောကြားသည်။

ပီးကောက်ဝ ကျေးရွာမှာ စစ်တွေ- ရန်ကုန် ကားလမ်းမဘေး ပီကောက်တံတားအနီးတွင် တည်ရှိပြီး အိမ်ခြေ ၃၈ ဆောင်ရှိကြောင်း သိရသည်။

May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...