ပိတ်သိမ်းရန်အကြံပြုခံရသည့် အမျိုးသမီးကျောက်ထုတ်စခန်း ကျန်းမာရေး ပုံမှန်စစ်ဆေးနေဟု မွန်ပြည်နယ်အကျဉ်းဦးစီးပြော

ပိတ်သိမ်းရန်အကြံပြုခံရသည့် အမျိုးသမီးကျောက်ထုတ်စခန်း ကျန်းမာရေး ပုံမှန်စစ်ဆေးနေဟု မွန်ပြည်နယ်အကျဉ်းဦးစီးပြော
by -
ခေတ်မင်း (ပျားအုံ)
ကျိုက်မရော(မော်လမြိုင်) အကျဉ်းထောင်မှ အကျဉ်းသား ၁၀၆ ဦးကို သမ္မတအမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။
ကျိုက်မရော(မော်လမြိုင်) အကျဉ်းထောင်မှ အကျဉ်းသား ၁၀၆ ဦးကို သမ္မတအမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

ပိတ်သိမ်းရန် လူ့အခွင့်အရေးကော်မရှင်အကြံပြုထားသည့် အမျိုးသမီးကျောက်ထုတ်စခန်းကို ကျန်းမာရေးပုံမှန်စစ်ဆေးပေးနေဟု မွန်ပြည်နယ်အကျဉ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလင်းဗိုလ်နောင်က ဟင်္သာသို့ ပြောသည်။

“ကျွန်တော်တို့က အကျဉ်းသူတွေရဲ့ ကျန်းမာရေးနဲ့ စားသောက်မှုတွေလောက်ပဲ သွားစစ်ဆေးတာပါ” ဟု ၎င်းကဆိုသည်။

ပိတ်သိမ်းရန်ရှိမရှိမှာမူ မုပ္ပလင်က အမျိုးသမီးကျောက်ထုတ်စခန်းကို ရုံးချုပ်ကသာ တိုက်ရိုက်ကြီးကြပ်ခြင်းဖြစ်၍ ညွှန်ချုပ်ရုံးကိုသာ တိုက်ရိုက်မေးရန် ဦးလင်းဗိုလ်နောင်က ပြောသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင် အမျိုးသမီးကျောက်ထုတ်စခန်းနှင့် မန္တလေးတိုင်းဒေသကြီးရှိ ထုံးဘို အမျိုးသမီးကျောက်ထုတ်စခန်းနှစ်ခုကို ပိတ်သိမ်းရန် ပြည်ထောင်စုလွှတ်တော်သို့ မေ ၂၈ ရက်နေ့က အကြံပြုထားသည်ဟု မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ဟင်္သာသို့ ပြောကြားသည်။

“အဓိကတော့ အမျိုးသမီးတွေက ခွန်အားကလည်းနည်းတယ်၊ ခွန်အားနွဲ့တဲ့အမျိုးသမီးတွေဖြစ်တယ်။ အမျိုးသားတွေ လုပ်ရတဲ့အလုပ်ကြမ်းကြီးမျိုးကို လုပ်တာကျတော့ သူတို့ရဲ့ ရေရှည်ကျန်းမာရေး ထိခိုက်နိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့က အမျိုးသမီး ကျောက်ထုတ်စခန်းကို ပိတ်သိမ်းပြီးတော့ အမျိုးသားနဲ့ လဲရင်ကောင်းမယ်ပေါ့ဆိုပြီး အကြံပြုတာပါ” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါအကြံပြုချက်နှင့် ပတ်သက်၍ တိုင်းနှင့်ပြည်နယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးတို့က မေ ၂၅ ရက်နေ့က ဝေဖန်သုံးသပ်ခဲ့ကြောင်း၊ ယင်းနောက် ကော်မရှင်အဖွဲ့ဝင်များမှ ပြည်ထောင်စုလွှတ်တော်သို့ မေ ၂၈ ရက်နေ့၌ သွားရောက်တင်ပြခဲ့ကြောင်း ဦးယုလွင်အောင်က ပြောသည်။

အမျိုးသမီးအကျဉ်းသူများသည် ကျောက်ထုတ်လုပ်မှုများ နေ့စဉ် ပြုလုပ်နေသဖြင့် ၎င်းတို့၏ သားအိမ်ပိုင်းဆိုင်ရာပြဿနာများ ဖြစ်ပေါ်လာနိုင်ပြီး နောင်တွင် ရင်သွေးမထွန်းကားနိုင်သည့် အခြေအနေမျိုးထိဖြစ်ပေါ်လာနိုင်သောကြောင့် ပိတ်သိမ်းသင့်ကြောင်း ဦးယုလွင်အောင်က ဆိုသည်။

မုပ္ပလင်ကျောက်ထုတ်စခန်းတွင် အမျိုးသမီးအကျဉ်းသူ ၂၈၂ ဦး၊ ထုံးဘို၌ ၄၆၆ ဦးရှိသည်။

ယင်းနှင့်စပ်လျဉ်း၍ အကျဉ်းဦးစီးဌာနရုံးချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးထံသို့ ဟင်္သာမီဒီယာမှ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။