ကချင်တက်ကြွသူများကို တပ်မတော်က တရားစွဲခြင်းမဟုတ်ဟု တရားစွဲသူ ဒုဗိုုလ်မှူးကြီးပြော

ကချင်တက်ကြွသူများကို တပ်မတော်က တရားစွဲခြင်းမဟုတ်ဟု တရားစွဲသူ ဒုဗိုုလ်မှူးကြီးပြော

ကချင်စစ်ဘေးရှောင်များအရေး မြစ်ကြီးနားမြို့တွင် ဆန္ဒထုတ်ဖော်မှုများထဲမှ ဦးဆောင်သူ သုံးဦးအား တပ်မတော်အား အသရေပျက်စေမှုနှင့် တရားစွဲဆိုုခြင်းသည် တပ်မတော်တာဝန်ပေးချက်အရ တရားစွဲခြင်း မဟုတ်ဟု တရားစွဲသူက ပြောကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများ ကပြောသည်။

ယမန်နေ့ (မေလ ၂၈) ရုံးချိန်းတွင် တရားစွဲဆိုသူ မြောက်ပိုုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးက တရားစွဲဆိုမှုမှာ သူတစ်ဦးတစ်ယောက်အနေဖြင့်သာ စွဲဆိုခြင်း ဖြစ်ကြောင်း ပြောသည်ဟု အမှုကို လိုုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက ပြောသည်။

“ဒီနေ့ရုံးချိန်းမှာ ထူးခြားမှုကတော့ တပ်မတော်အနေနဲ့ စွဲဆိုတာမဟုတ်ဘူး။ သူက တပ်မတော်သား တစ်ဦးအနေနဲ့ပေါ့နော် တပ်မတော်ကို အသရေဖျက်ပြောဆိုတာကို ပြောဆိုခြင်းဖြစ်တယ်လို့ ပြောပါ တယ်။ အဲ့တော့ တပ်မတော်ရဲ့ ကိုယ်စားတာဝန်ပေးချက်အရ ပြောဆိုတာမဟုတ်ဘူးဆိုတာတော့ ထူး ခြားမှု ဖြစ်ပါတယ်။ သူ့အနေနဲ့ တပ်မတော်ကို အကြည်ညိုပျက်အောင် ပြောတယ်ဆိုပြီးမှ သူတစ်ဦး တစ်ယောက် အနေနဲ့ စွဲဆိုတဲ့ အနေအထားဖြစ်တယ်လို့ ပြောပါတယ်”

ပိတ်မိနေသော စစ်ဘေးရှောင်များအား ကယ်ထုုတ်ပေးရန် ဆန္ဒပြရာတွင် ပြောဆိုုမှုများသည် တပ်မတော်အား အသရေပျက်စေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် အသရေဖျက်မှု ဥပဒေ ပုဒ်မ (၅၀၀) ဖြင့် တရားစွဲဆိုခြင်း ဖြစ်သည်။

ဒုတိယ ဗိုလ်မှူးကြီးမျိုးမင်းဦး က မေ ၂၈ရက်နေ့တွင် ပြုလုပ်သည့် ရုံးချိန်းတွင် ထွက်ဆိုချက်များကို ဒေါ်ဒွဲဘူက ပြန်ပြောပြခဲ့သည်။ “တိုက်ပွဲဖြစ်ပွား တဲ့နေရာကို သူမသိဘူး။ မြေပြင်အခြေအနေရဲ့ အဖြစ်မှန်ကို မသိ ဘူးလို့ပြောတယ်။ လက်ရှိစစ်ရှောင် စခန်းအခြေအနေတွေလည်း သူမသိပါဘူး။ လက်ရှိကတော့ သူ့ ကို သတင်းစာရှင်းလင်းပွဲက အခြေအနေကို သူတို့ တပ်မတော်ကနေ သတင်း တင်ပြတဲ့အဖွဲ့ကနေ လာတင်ပြတဲ့အတွက် သူကစွဲဆိုခြင်းဖြစ်တယ်ပေါ့။ ဒီနေ့အခြေအနေကတော့ အဲ့လောက်ပဲ ဖြစ်ပါ တယ်” ဟု ရှေ့နေဒေါ်ဒွဲဘူ က ပြောသည်။

မေလ ၁ ရက်နေ့တွင်ပြုလုပ်သည့် ကချင်လူငယ်ထုမှ ဦးဆောင်သော ဆန္ဒထုတ်ဖော်လှုပ်ရှားမှု ပိတ်မိပြည်သူများ လွှတ်ပေးရေးနှင့် ပတ်သည့် သတင်းစာရှင်းလင်းပွဲမှ ဓါတ်ပုံများ၊ ပြောဆိုမှုများ၊ အသုံးအ နှုန်းများနှင့် ပတ်သက်ပြီး အရပ်သားပြည်သူများမှ တပ်မတော်အပေါ် အထင်လွှဲမှားအောင် ပြောဆို ခြင်း၊ မြေပြင်အခြေအနေများကို မသိပဲ အထောက်အထားမဲ့ ပြောဆိုခြင်း စသည့်အချက်များဖြင့် တရားစွဲဆို ခံရခြင်း ဖြစ်သည်ဟု ဒေါ်နန်ပူက ပြောသည်။

လာမည့် ရုံးချိန်းကိုတော့ ဇွန်လ ၄ ရက်နေ့တွင် ထပ်မံချိန်းထားသည်ဟု သိရသည်။

မတ် ၂၈ ရက်နေ့ ရုံးချိန်း တကြိမ်၊ မတ် ၁၆ ရက်နေ့က တကြိမ်နှင့် ၂၁ ရက်နေ့က တကြိမ်၊ စုစုပေါင်း ရုံးချိန်းသုံးကြိမ်ရှိပြီ ဖြစ်သည်။

တရားစွဲဆိုခံထားရသူများမှာ ပိတ်မိပြည်သူလွတ်မြောက်ရေး ဦးဆောင်လှုပ်ရှားသည့် ကော်မတီမှ တာဝန်ရှိသူ သုံးဦးဖြစ်သည့် ကိုလွမ်းဇောင်း၊ ကိုဇော်ဂျက်နှင့် ဒေါ်နန်ပူ တို့ ဖြစ်သည်။

အလားတူ မေလ ၉ ရက်နေ့ကလည်း ကချင်လူငယ်ထု လှုပ်ရှားမှုအဖွဲ့မှ ပိတ်မိစစ်ရှောင်များလွတ်မြောက် ရေးနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ခဲ့သည့် ကိုလွမ်းဇောင်းနှင့် မဆွတ်ဆိုင်းထွယ်တို့ နှစ်ဦး အား မြစ်ကြီးနား မြို့နယ်တရားရုံးက ဆန္ဒထုတ်ဖော်မှုကို ခွင့်မတောင်း၍ဟုဆိုကာ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နှင့် ဒဏ်ငွေကျပ်သုံးသောင်းစီ ပြစ်ဒဏ်ချမှတ်ခဲ့သည်။

February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...