ပုဏ္ဍားကျွန်းမြို့နယ်မှ စစ်တပ်၊ မြေစာရင်း၊ ကျေးရွာရယက ဥက္ကဋ္ဌ တို့မှ သိမ်းထားသည့် လယ်များကို ပြန်ရရန် ပြည်နယ်ဝန်ကြီးချုပ်ထံတင်ပြ

ပုဏ္ဍားကျွန်းမြို့နယ်မှ စစ်တပ်၊ မြေစာရင်း၊ ကျေးရွာရယက ဥက္ကဋ္ဌ တို့မှ သိမ်းထားသည့် လယ်များကို ပြန်ရရန် ပြည်နယ်ဝန်ကြီးချုပ်ထံတင်ပြ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် မိူဟင်းတော ကျေးရွာအုပ်စုနှင့် တောက်ဆုံ ကျေးရွာအုပ်စုတို့မှ လယ်သမားများ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာသော လယ်မြေများအား သိမ်းယူပြီး မြန်မာတပ်တော် အမှတ် (၅၅၀) တပ်ရင်း၊ မြို့နယ် မြေစာရင်းဦးစီးဌာန၊ ယခင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရယကတို့မှ ခွဲဝေ ရယူထားသော လယ်မြေများကို ပြန်ပေးရန် လယ်သမားများက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ်သို့ စာရေးတင်ပြတောင်းဆို လိုက်သည်ဟု သတင်းရရှိသည်။

၎င်းစာအား စက်တင်ဘာလ ၂၀ ရက်နေ့က လယ်သမား ၁၃ ဦးက စာရေးပြီး တင်ပြလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

IMG 20160922 141902လယ်သမား ၁၃ ဦးရေးသားထားသော စာထဲတွင် ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် မိူဟင်းတော ကျေးရွာ အုပ်စုနှင့် တောက်ဆုံ ကျေးရွာအုပ်စုတို့မှ တောင်သူ လယ်သမားများသည် တောက်ဆုံကွင်းခေါ် ကွင်းအမှတ် (၆၅၁) ကျောက်တောင်ကွင်း၌ ၁၉၆၆ ခုနှစ်မှစပြီး တောရိုင်းမြေရိုင်းများကို ခုတ်ထွင် ရှင်းလင်းကာ နိုင်ငံတော် ပြေစာပေါက် အခွန်ဆောင်ပြီး လယ်ယာ လုပ်ကိုင်စားသောက်လာခဲ့ကြောင်း ဦးစွာ ဖေါ်ပြသည်။

ဤကဲ့သို့ မိဘ ဘိုးဘွားလက်ထက်မှ စပြီး လုပ်ကိုင်စားသောက်လာသော လယ်မြေများကို ၁၉၉၇ ခုနှစ်သို့ ရောက်လာသော အခါ ပုဏ္ဍားကျွန်းမြို့နယ် အမှတ် (၅၅၀) တပ်ရင်း၊ မြို့နယ် မြေစာရင်း၊ တောက်ဆုံကျေးရွာ  (ရယက) ဥက္ကဋ္ဌနှင့် ကျေးရွာအုပ်စု စာရေးတို့ ပူးပေါင်းကာ အကြောင်းမဲ့ မတရား သိမ်းယူခဲ့ကြပါကြောင်း၊ ထိုလယ်မြေများကို  ပြန်လည် လုပ်ကိုင် စားသောက်လို၍ တောင်းဆိုကြရာ လယ်ငှားစနစ်ဖြင့် တစ်ဧကလျှင် (၁၅) တင်းနှုန်းဖြင့် သီးစားချ၍ လယ်သမားများ အနေဖြင့် လုပ်ကိုင်နေကြရကြောင်း ဖော်ပြသည်။

သိမ်းဆည်းခံထားရသော လယ်မြေမှာ (၆၆) ဧက ဖြစ်ကြောင်း၊ ထိုလယ်မြေများထဲမှ ပုဏ္ဍားကျွန်း အခြေစိုက် အမှတ် (၅၅၀) တပ်ရင်းမှ ၄၀ ဧက၊ မြေစာရင်း ပုဏ္ဍားကျွန်းမှ (၁၆) ဧကနှင့် တောက်ဆုံကျေးရွာ (ရယကယခင်အခေါ်) ဥက္ကဋ္ဌနှင့် အုပ်စုစာရေးတို့မှ (၁၀) ဧက စသဖြင့် ခွဲဝေယူထားကြကြောင်း တိုင်ကြားသူများ၏ စာထဲတွင် ဖော်ပြသည်။

သို့အတွက် ၎င်းလယ်မြေများကို ကိုယ်ပိုင် လုပ်ကိုင်စားသောက်ခွင့်ရရေး အတွက် ကူညီဆောင်ရွက်ပေးရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ်အား စာထဲတွင် ထည့်သွင်းတင်ပြထားသည်။

IMG 20160922 141931ထိုသို့ စာရေး တောင်းခံခြင်းနှင့် ပတ်သက်ပြီး တောင်းဆိုရာတွင်ပါဝင်သူ ဦးအေးမောင်အား နိရဥ္စရာမှ ဆက်သွယ်မေးမြန်းရာ သူက  “လယ်ကလုပ်နေရပေမယ့် သူတို့ (တပ်)ကိုလည်း ပိုက်ဆံပေးနေရတယ်။ နောင်နှစ်တွေမှာ မပေးရဘဲ ကိုယ်ပိုင်ကိုယ်ဆိုင်အဖြစ် ပြန်လိုချင်တယ် ။ ဒါကြောင့် ၀န်ကြီးချုပ်ဆီကို စာရေးရတာပါ”ဟု ပြောဆိုသည်“တစ်ခြား ဒေသခံလယ်သမားတစ်ဦးက လဲ “ အဲလိုသိမ်းသွားပြီးတဲ့နောက် ကျွန်တော်တို့က အဲဒီလယ်တွေကို ငှားရမ်းခအဖြစ် တစ်ဧကကို (၁၅)တင်းနှုန်းနဲ့ ငှားရမ်းလုပ်ကိုင်နေကြရတယ်” ဟု ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်များသို့ ဆက်သွယ်ရန်ကြိုးစားသော်လည်း ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပါ။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...