KIA စခန်းများ ကို လေကြောင်းမှ တိုက်ခိုက်

KIA စခန်းများ ကို လေကြောင်းမှ တိုက်ခိုက်
by -
ကေအဲန်ဂျီ
ကချင် တိုက်ပွဲ ကြီးလာနေချိန် အစိုးရတပ် မှ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဗဟို ဌာနချုပ် နယ်မြေ ၏ လုံခြံုရေးအရ အရေးပါသည့် တပ်စခန်းများကို လေကြောင်း မှ ဂျက်လေယာဉ် နှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ် များအသုံးပြုကာ  စက်တင်ဘာ ၂၃ ရက်နေ့ မှာ အပြင်းအထန် တိုက်ခိုက်ခဲ့သည်။

ယနေ့ ဝေဟင် ပစ်ခတ် တိုက်ခိုက်မှုမှာ မြစ်ကြီးနား-ဗန်းမော် ကားလမ်း အရှေ့ဘက် အစိုးရတပ်မတော် နှင့် လွန်ခဲ့သည့် ၂ ပတ်ခန့်မှ နေ့စဉ် တိုက်ပွဲ ဖြစ်ပွားနေသည့် KIA လှုပ်ရှားတပ်ရင်း DND ၂၅၂ Nhkram Bum တောင် နှင့် ၎င်းအနီး KIA တပ်ရင်း ၃ Lai Hpawng Bum တောင် စခန်းတို့တွင် ဖြစ်သည်။

စစ်တပ်မှ လေယာဉ် ၃ စီး အသုံးပြု ပြီး ယနေ့ တိုက်ခိုက်ခဲ့ကြောင်း KIO သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူ ဒုဗိုလ်မှုးကြီး နော်ဘူ က ပြောသည်။

“ညနေ ၃ နာရီခွဲ ၄ နာရီလောက်က Nhkram Bum မှာ fighter ၁ စီး လာတယ်။ ပြီးတော့ တပ်ရင်း ၃ Lai Hpawng Bum မှာလည်း မွန်းလွဲ ၂ နာရီလောက်မှာ jet fighter ၁ စီးနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီးနှင့် လာပစ်တယ်။ အဲမှာဘဲ ညနေ ၄ နာရီမှာ တစ်ခေါက် ပြန်လာ ပစ်တယ်။”ဟု ၎င်းကဆိုသည်။

 ယနေ့ အစိုးရဘက်မှ လေကြောင်း အကူအညီ အသုံးပြု သည့်အပြင် မြေပြင်တပ်အင်အား အလုံးအရင်းနှင့် လက်နက်ကြီး ၁၂၀ မမ၊ ၁၀၅ မမ၊ ၈၁ မမ တို့ နှင့်ပါ ပစ်ခတ် နေကြောင်း KIA ရှေ့တန်း က ဆိုပါသည်။

လွန်ခဲ့သည့် သြဂုတ် ၂၃ ရက်နေ့ကလည်း Nhkram Bum စခန်းကို အစိုးရတပ်က Mi-35 အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီး နှင့် လာရောက် ပစ်ခတ်ခဲ့သည်။

ဒေသခံ တာလောကြီး ရှမ်းနီ ပြည်သူ့စစ်အဖွဲ့ နှင့် လဝါယန် လဆန်အောင်ဝါ ပြည်သူ့စစ်အဖွဲ့ ကိုလည်း ယခုတိုက်ပွဲတွင် ပါဝင်ရန် အစိုးရဘက်မှ တိုက်တွန်းမှုများ ရှိနေသည်ဟု ဒေသခံများ အဆိုအရသိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ် KIA တပ်မဟာ ၄ တပ်ရင်း ၁၇ စခန်းများတွင်လည်း အစိုးရဘက်က စစ်အင်အား တိုးချဲ့မှုများ ရှိနေသည်ဟု KIO ဒု ဗိုလ်မှုးကြီး နော်ဘူက ပြောသည်။

ယခုလို အစိုးရတပ်မတော်၏ ကချင် ထိုးစစ်ကြီး ပြင်ဆင် လုပ်ဆောင်မှုကို ခုခံကာကွယ်နိုင်ရန်အတွက် ကချင်ပြည်သူများအနေဖြင့် အထူးဆုတောင်းပေးရန် KIO က စက်တင်ဘာ ၁၉ ရက်တွင် အကြောင်းကြားခဲ့ပါသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...