သုံးနှစ်ကြာ မီးလောင်နေသည့် ဘန်းချောင်းကျောက်မီးသွေးတွင်းကို ပိတ်သိမ်းရန် ဒေသခံများတောင်းဆို

သုံးနှစ်ကြာ မီးလောင်နေသည့် ဘန်းချောင်းကျောက်မီးသွေးတွင်းကို ပိတ်သိမ်းရန် ဒေသခံများတောင်းဆို
by -
စောထွန်းလင်း

တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ဘန်းချောင်းဒေသရှိ ဘန်းချောင်းကျောက်မီးသွေးတွင်းတွင် ၂၀၁၅ ခုနှစ်မှ စတင်ကာ မီးတငွေ့ငွေ့လောင်နေပြီး မီးခိုးငွေ့များကြောင့် ဒေသခံများ ကျန်းမာရေး ထိခိုက်လာသည့်အတွက် မီးလုံးဝငြိှမ်း သည်အထိ ငြိှမ်းသတ်ပေးရန်နှင့် ကျောက်မီးသွေးတွင်း အပြီးပိတ်သိမ်းပေးရန် တာကပေါ လူငယ်အဖွဲ့နှင့် ဘန်းချောင်း ဒေသ ပြည်သူလူထုတည်တံ့ခိုင်မြဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီက သဘောထား ကြေငြာချက် ထုတ် တောင်းဆိုလိုက်သည်။ 

အဆိုပါ ကိစ္စပေါ် တာကပေါလူငယ်အဖွဲ့ အကြံပေးပုဂ္ဂိုလ် နော်ပိသလောက “ကျမတို့အနေနဲ့ မြင်တာကတော့ ကုမ္ပဏီက မီးကို လုံးဝမထိန်းချုပ်နိုင်ဘူး။ မီးလောင်တာကို အပေါ်က မြေကြီးပုံတာကလည်း တောင်တစ်လုံးလို ဖြစ်နေတယ်။ မီးလောင်တာ ၂၀၁၅က ဆိုတော့ ဒီသုံးနှစ်အတွင်းမှာ မီးကလောင်လိုက် ပြန်ဖုံးလိုက် ဖြစ်နေတဲ့ဟာက သူတို့ မီးကို မငြိှမ်းသတ်နိုင်တော့ဘူးလို့ မြင်တယ်။ ဒါကြောင့် အစိုးရက တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ မီးလုံးဝငြိှမ်းသွားအောင် လုပ်ဆောင်ပြီးတော့ ကျောက်မီးသွေးတွင်းကို လုံးဝရပ်ဆိုင်းသင့်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။ 

ယခုလို ကျောက်မီးသွေး သတ္တုတွင်း မီးလောင်မှုသည် ကျောက်မီးသွေး အကြွင်းအကျန်များနှင့် စွန့်ပစ်မြေစာများမှ လောင်ကျွမ်းနေခြင်းဖြစ်ပြီး မီးခိုးငွေ့များကြောင့် ဒေသခံများ ကျန်းမာရေးထိခိုက်သလိုဒေသခံ ရွာသူ၊ ရွာသားများ အရေပြား ဆိုင်ရာ ရောဂါများဖြစ်ပွားပြီး စမ်းချောင်းအတွင်းရှိ သောက်သုံးရေကို အသုံးမပြုနိုင်ဖြစ်နေရသည်ဟု ယနေ့ (ဧပြီ ၄ ရက် နေ့) ရက်စွဲဖြင့် ထုတ်ပြန်သည့်စာတွင် ဖော်ပြထားသည်။ 

ကျောက်မီးသွေးတွင်း မီးလောင်မှုသည် ဘန်းချောင်းဒေသ၊ ကွမ်းချောင်းကြီးကျေးရွာ နေရာအနှံ့ပျံ့နှံ့နေပြီး ကျန်းမာရေး ထိခိုက်လာသည့််အတွက် မီးလောင်မှု ရပ်တန့်အောင်လုပ်ဆောင်ပေးရန်နှင့် ကျောက်မီးသွေးတွင်း လုံးဝ ပိတ်သိမ်းပေးရန် ကရင်အမျိုးသားအစည်းအရုံးနှင့် အစိုးရတို့ကို တောင်းဆိုလိုသည်ဟု ဘန်းချောင်းဒေသ၊ ကွမ်းချောင်းကြီး ရွာသားများက ပြောသည်။ 

“မီးလောင်လို့ ထွက်လာတဲ့ အနံ့က မခံနိုင်ဘူး။ ပတ်ဝန်းကျင် တခုလုံးပဲ။ ကျောင်းသားတွေ ကျောင်းတက်မမှန် သလို ဆရာမတွေလည်း ကျောင်းမှန်မှန် မတက်နိုင်ဘူး။ အနံ့ကို မခံနိုင်တာ။ ကျန်းမာရေးတွေ ထိခိုက်တယ်။ ကျနော်တို့ ဆီကို ထိုင်းလူ့အခွင့်အရေးကော်မရှင်က လာစစ်တုန်းကလည်း ကျနော်တို့ ခံစားနေရတာကို ကြည့်ပြီး ကျောက်မီးသွေး အဆိပ် သင့် လက္ခဏာမျိုး တွေ့တယ်။ သေချာစစ်ဆေးတဲ့ အဖြေတော့မရှိဘူး။ မကြာခင် သူတို့ ထပ်လာရင်သိရမယ်။ လုံးဝ ပိတ်ပစ်စေချင်တယ်”ဟု ဘန်းချောင်းဒေ၊ ကထောင်လိရွာသား စောတင်ဦးက ကေအိုင်စီသို့ ပြောသည်။ 

အဆိုပါ ဘန်းချောင်းကျောက်မီးသွေးတွင်းကို ၂၀၁၂ ခုနှစ်တွင် မေဖလားဝါး မိုင်းနင်း ကုမ္ပဏီက ဘန်းချောင်း ဒေသ၊ ကွမ်းချောင်းကြီးကျေးရွာ မြေဧက ၆၀ ပေါ်တွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။  ကျောက်မီးသွေးတွင်း စွန့်ပစ် ရေဆိုးများကြောင့် ပတ်ဝန်းကျင်လေထု၊ ရေထု ညစ်ညမ်းခြင်း ဖြစ်ပေါ်ကာ ဒေသခံများ အသက်မွေးဝမ်းကျောင်း ထိခိုက် လာသည့်အတွက် ကန့်ကွက်မှုများကြောင့် ၂၀၁၇ ခုနှစ်၊ မတ်လတွင် တနင်္သာရီ တိုင်းဒေသကြီး အစိုးရက ယာယီ ပိတ်သိမ်းခဲ့သည်။ 

တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ဘန်းချောင်းဒေသတွင် ကျေးရွာပေါင်း ၂၂ ရွာရှိကာ စုစုပေါင်း လူဦးရေ ၁၆,၀၀၀ ကျော်နေထိုင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။  

 

Most read this week

December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...