ရခိုင်ပြည်နယ်တွင် ၈ နှစ်တာ ကာလအတွင်း မူးယစ်ဆေးဝါး ကျပ်သိန်းပေါင်း ၁၈ သိန်းကျော်ဖိုး ဖမ်းမိခဲ့ဟု အစိုးရထုတ်ပြန်

ရခိုင်ပြည်နယ်တွင် ၈ နှစ်တာ ကာလအတွင်း မူးယစ်ဆေးဝါး ကျပ်သိန်းပေါင်း ၁၈ သိန်းကျော်ဖိုး ဖမ်းမိခဲ့ဟု အစိုးရထုတ်ပြန်
by -
မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်ပြည်နယ်တွင် ၈ နှစ်တာ ကာလ အတွင်း ကျပ်သိန်းပေါင်း ၁၈ သိန်းကျော်ဖိုးရှိ မူးယစ် ဆေးဝါးများကို ဖမ်းမိခဲ့ကြောင်း နိုင်ငံတော်သတင်းထုတ်ပြန်ရေးကော်မတီ(Information Committee)က ယမန်နေ့ (မေလ ၂ ရက်နေ့)ညနေက သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါမူးယစ်ဆေးဝါးများကို ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်မေ ၁ ရက်နေ့အထိ ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများ၏ စုစုပေါင်းတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၁၈၃၆၉၂၅ ဒသမ ၉၃၄ သိန်းဖိုးရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းမိခဲ့သည့်မူးယစ်ဆေးဝါးများမှာ စိတ်ကြွ ဆေးပြား၊ စိတ်ကြွအကြေမှုန့်၊ ဆေးခြောက်၊ ဗျူပရီနော်ဖင်း၊ အယ်ပရာဇိုလမ် ဆေးပြား၊ ဒိုင်ရာဇီပမ်၊ ဒိုင်ရာဇီပမ်ထိုးဆေး၊ မော်ဖင်းထိုးဆေး၊ Lutigesic၊ Zoliuncarpa zolarn၊ ကတ်တမင်း၊ Fantanyl နှင့် အက်ဖီဒရင်း စသည့် မူးယစ် ဆေးဝါးမျိုးစုံတို့ ဖြစ်သည်။

"ရခိုင်မှာ ဘိန်းဖြူ၊ ဘိန်းမဲတို့မရှိပေမယ့်လည်း မော်ဖိန်း၊ ဆေးခြောက်နဲ့ စိတ်ကြွရူးသွပ် ဆေးပြား တွေကို ရောင်းဝယ်ဖောက်ကားခြင်း၊ သုံးစွဲခြင်းတွေဟာ ကျောင်းသူ၊ ကျောင်းသား လူငယ်တွေအထိ ပျံ့နှံ့နေတယ်ဆိုတာကို တွေ့နေရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ရခိုင်ပြည်နယ်ကို စိတ်ကြွရူးသွပ် ဆေးပြားတွေဟာ လမ်းကြောင်းအသွယ်သွယ်ကနေ အလွယ်တကူ ဝင်ရောက် လုပ်ဆောင်နေတယ် ဆိုတာကို သုံးသပ်လို့ရပါတယ်။ ဒါ့ကြောင့် မူးယစ်ဆေးဝါး ဝင်ရောက်တဲ့လမ်းကြောင်းတွေကို သေသေချာချာ စုံစမ်းဖော်ထုတ်ပြီးတော့ အစီအမံတွေရေးဆွဲပြီး အမြစ်ပြတ်တဲ့အထိ ဆောင်ရွက် သွားဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်"ဟု ပြီးခဲ့သည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က စစ်တွေမြို့၊ ဦးဥတ္တမခန်းမတွင်ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင် ၈ နှစ်အတွင်း မူးယစ်ဆေးဝါးများဖမ်းမိရာတွင် စိတ်ကြွဆေးပြား (၆၁၀၇၀၇၉၉.၅) ပြား၊ စိတ်ကြွအကြေမှုန့် (၂.၅၈၆၈) ကီလို၊ ဆေးခြောက် (၁၉၃.၂၉၅၁၅) ကီလို၊ ဗျူပရီနော်ဖင်း (၄၉၇၃) ပုလင်း၊ အယ်ပရာဇိုလမ် ဆေးပြား (၄၃၂၀) ပြား၊ ဒိုင်ရာဇီပမ် (၃၁၄၉၄) ပြား၊ ဒိုင်ရာဇီပမ်ထိုးဆေး (၁၂၂၂၄၀) ပုလင်း၊ မော်ဖင်းထိုးဆေး (၂၂၃၁) ပုလင်း၊ Lutigesic (၃၈၀) ပုလင်း၊ Zoliuncarpa zolarn (၂၇၀) ပြား၊ ကတ်တမင်း (၀.၁၄) ကီလို၊ Fantanyl (၇၀၀) ပုလင်းနှင့် အက်ဖီဒရင်း (၀.၅၁၅) ကီလို တို့ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။

"ဒီဟာတွေကို အမှန်တကယ် ကြပ်ကြပ်မတ်မတ် မလုပ်ဘူးဆိုရင် ရခိုင်ပြည်ရဲ့အနာဂတ်ဟာ အများကြီးစိုးရိမ်ရတယ်လို့ ကျွန်မအနေနဲ့ ပြောချင်ပါတယ်။"ဟုလည်း ရခိုင်ဒေသခံ မထွေးထွေးက ပြောသည်။

ယခုဖမ်းမိသည့်မူးယစ်ဆေးဝါးများနှင့်ပတ်သက်ပြီး အမှုပေါင်း ၆၃၁ မှုဖွင့်လှစ်အရေးယူနိုင်ခဲ့ပြီး တရားခံပေါင်း ၁ဝ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(မှတ်ချက်- ဖမ်းဆီး စိတ်ကြွဆေးပြားကို Imformation Commttee မှ ဒသမဖြင့် (၆၁၀၇၀၇၉၉.၅) ပြားဟု ဖော်ပြထားသဖြင့် ၎င်းကိန်းဂဏန်းအတိုင်း ဖော်ပြလိုက်ပါသည်။)

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...