ရခိုင်ပြည်နယ်လွှတ်တော်သည် ရခိုင်ပြည်သူဆန္ဒနှင့် တစ်သားတည်းရှိပြီး ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲ မရှိဟု ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး အပြီး အပိတ်မိန့်ခွန်းစကားတွင် ပြောကြားခဲ့သည်။
ဧပြီလ ၉ ရက်နေ့ ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၃ ရက်မြောက်နေ့တွင် ပြည်နယ်အစိုးရမှ တင်ပြလာသော မီနီဘတ်ဂျက်ထဲမှ ကျပ်ငွေ ၆ ဘီလီယံကျော် ဖြတ်တောက်ရန် ရခိုင်ပြည်နယ်လွှတ်တော်မှ ဆုံးဖြတ်ရခြင်းနှင့် ပတ်သက်၍ လွှတ်တော် အပိတ်မိန့်ခွန်းတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဘတ်ဂျက်ငွေဖြတ်တောက်တာကို ဒီအခန်းထဲမှာ ထောက်ခံတဲ့နေရာမှာ လက်ရှိတာဝန်ယူထားတဲ့ ဝန်ကြီးတွေ ပါတယ်။ NLD က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ ပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ် လွှတ်တော်ဟာ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ ဒေသစွဲနဲ့ အနိုင်ကျင့်တာ မဟုတ်ဘူးဆိုတာကို အထင်အရှား ပြသနိုင်ပါပြီ။ ကျနော်တို့ လွှတ်တော် ဘယ်တော့မှ အနိုင်မကျင့်ဘူး။ ဘယ်တော့မှ ပါတီစွဲမထားဘူး။ ထားတာကိုလည်း လက်မခံဘူး”ဟု ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ဦးစံကျော်လှက ပြောသည်။
ရခိုင်ပြည်နယ်လွှတ်တော်တွင် ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော်လည်း ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်လာလျှင် ပါတီစွဲ ပုဂ္ဂိုလ်စွဲမထားဘဲ တစ်သားတည်း ရပ်တည်ကြောင်း ပြသနိုင်ခဲ့သည်ဟု ဆိုသည်။
“နောက်တစ်ခုက အရေးကြီးအဆိုနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်လွှတ်တော်က ကန့်ကွက်တဲ့သူ မရှိ အတည်ပြုနိုင်ခဲ့တာကို ကြည့်ရင် ရခိုင်ပြည်နယ် လွှတ်တော်ဟာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲမထားဘဲ ရခိုင့်အမျိုးသား အကျိုးစီးပွားအတွက် ရခိုင်ပြည်သူတွေရဲ့ ဆန္ဒနဲ့ တစ်သားတည်းရှိတယ်ဆိုတာကို ပြသလိုက်ခြင်းဖြစ်ပါတယ်”ဟု လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။
မီနီဘတ်ဂျက်ထဲမှ ကျပ်ငွေ ၆ ဘီလီယံကျော် ဖြတ်တောက်လိုက်ရခြင်းသည် အဆင့်မြင့် စျေး ၅ စျေးတည်ဆောက်ရန် ကိစ္စသည် အဓိကကိစ္စဖြစ်ပြီး၊ လွှတ်တော်၏ ဆွေးနွေးညှိနှိုင်းမှုကို ပြည်နယ်အစိုးရဘက်က လက်မခံသောကြောင့် ယင်းသို့ လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ဆိုသည်။
“အခုကျနော်တင်သွင်းတဲ့အထဲမှာ စျေး ၅ စျေးနဲ့ ပတ်သက်ပြီး အနည်းငယ် ပြောချင်တယ်။ ဒီ စျေး ၅ စျေးနဲ့ ပတ်သက်လို့ ပွတ်တိုက်မှုဖြစ်လို့ မမျှော်လင့်ပဲ ဝန်ကြီးတစ်ပါး မလိုအပ်ဘဲ နှုတ်ထွက်ခဲ့ရတယ်။ ဒီလောက်ကြီးမားတဲ့ ပြဿနာဖြစ်ပြီးတဲ့နောက်မှာ လွှတ်တော်က ဒါတွေဟာ မလုပ်သင့်ဘူး။ အဲ့ဒီလို လွှတ်တော်က အကြံဉာဏ်ပေးပြီး၊ ပို့လိုက်ပြီးတဲ့ နောက်မှာလည်း ဒီစျေးတွေဟာ ထပ်ပြီးတော့ ပါလာတယ်”ဟု လွှတ်တော်ဥက္ကဋ္ဌက ဝေဖန်ထောက်ပြသည်။
စျေးဆောက်မည့် နေရာများသည် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများနေထိုင်သည့် မြို့များဖြစ်နေသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။
“စျေးဆောက်မယ့် နေရာတွေကို ကြည့်လိုက် ဂွ ဝန်ကြီးချုပ်ရှိတဲ့နေရာ၊ တောင်ကုတ် ဝန်ကြီးရှိတဲ့ နေရာ၊ ရမ်းဗြဲ လယ်ယာ သားငါး ဝန်ကြီးရှိတဲ့နေရာ၊ ကျောက်တော် စီမံဘဏ္ဍာ ဝန်ကြီးရှိတဲ့ နေရာ၊ ဒီနေရာတွေကိုမှ ရွေးပြီး ဘယ်လိုမြင်ကြတာလဲ သူတို့အစိုးရအဖွဲ့၊ ယောင်လို့တောင်မှ နောက်တစ်နေရာ မမှားနိုင်ဘူးလား၊ ဒါတွေ မေးခွန်းထုတ်စရာတွေပါ”ဟု ၄င်းက ပြောသည်။
ယခုပြည်နယ် အစိုးရက တင်ပြလာသော ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆) လ ရခိုင်ပြည်နယ် ဒေသန္တရစီမံကိန်းထဲတွင် ပါလာသော တစ်ချို့စီမံကိန်များတွင် လိုအပ်သည်ထက် ပို၍ တောင်းခံထားသည်ကို တွေ့ရှိရ၍ တစ်ချို့ကို ဖြတ်တောက်၍၊ တစ်ချို့ကို လျှော့ချမှု ပြုလုပ်ခဲ့ရသည့်အတွက် ကျပ်ငွေ ၆ ဘီလီယံကျော် ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။
“ဆိုပါစို့ စျေး ၅ စျေး လုပ်ချင်တယ်ဆိုပါတော့၊ ကျနော်တို့က အကြံဉာဏ်ပေးပြီးတော့ ဖယ်လိုက်တယ်။ ကျနော်တို့ အကြံဉာဏ်ပေးတာကို ဥပေက္ခာပြုလို့ ရတယ်။ သို့သော် ထပ်ပြီးတော့ ဒီတစ်ခါ လာပြီးတော့ စာထဲမှာ ပါလာတယ်။ ကဲ လုပ်ချင်တယ် ဆိုအုံးတော့၊ ကဲ ဟိုတစ်ခါတုန်းကတော့ ဖြတ်လိုက်တယ်။ ဒီ တစ်ခါ ဒီလိုရှိတယ်။ ဘာပဲပြောပြောကျနော်တို့ သုံးထပ် မဟုတ်ရင်တောင်မှ ဥပမာ တစ်ထပ်တို့၊ နှစ်ထပ်တို့ ဘယ်နေရာမှာတော့၊ ဘယ်မြို့မှာတော့ မလုပ်လို့ မဖြစ်ဘူး။ ဒါတွေကိုတော့ ကျနော်တို့ လုပ်သင့်ပါတယ်ဆိုပြီး ညှိနှိုင်းရင်လည်း တစ်မျိုး၊ အခုက အဲ့ဒီလို မဟုတ်ဘူး။ အကြံဉာဏ်ပေးတာကို ပမာ မခန့်တဲ့ သဘောနဲ့ အဲ့ဒီလို ထပ်ပြီး လာလုပ်တယ်”ဟု ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။
ဂွနှင့် ရမ်းဗြဲအပါအဝင် အခြားနေရာများတွင်လည်း ၃ ထပ်စျေးကို ကျပ်သန်းပေါင်းများစွာ အကုန်ကျခံပြီး ဆောက်မည့် ကိစ္စမှာ မဖြစ်သင့်၍ အဆိုပါငွေများကို လယ်ယာ သားငါးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍများတွင် ပြောင်းလဲ အသုံးပြုပါက ပြည်သူများအတွက် အကျိုးပိုရှိနိုင်သည်ဟု လွှတ်တော်အမတ်များက ဝေဖန် ထောက်ပြကြသည်။
“ဆွေးနွေးကြမယ်ဆိုပြန်တော့လည်း အဆွေးနွေးမခံဘူး။ ဥပဒေနဲ့ အညီလုပ်ပါဆိုပြီးတော့ ပြောလာတယ်။ ကျနော်တို့ ဘက်ကလည်း မလွဲသာ၊ မရှောင်သာလို့ ကျနော်တို့ လုပ်ခဲ့ရပါတယ်။ တကယ်တမ်းတော့ စိတ်မကောင်းပါဘူး။ ၆ ဘီလီယံဆိုတာ ကျနော်တို့ မြို့တစ်မြို့ကို ကျနော်တို့ အပျံစားလုပ်လို့ရတယ်။ တံတားကြီးတစ်စင်းကို တည်ဆောက်လို့ ရတယ်။ ဆုံးရှုံးသွားခဲ့တဲ့အတွက် ကျနော် တကယ်တမ်း စိတ်မကောင်းပါဘူး။ ဘတ်ဂျက်ငွေ ဖြတ်တောက်တာကို ဘယ်ကိုယ်စားလှယ်မှ မလုပ်ချင်ပါဘူး။ မတတ်သာလို့ ဖြတ်တောက်လိုက်ကြရတယ်”ဟု ဦးစံကျော်လှကပြောသည်။
လွှတ်တော်ဥက္ကဋ္ဌက ဆက်လက်၍ “ဘတ်ဂျက် ဖြတ်တောက်ရခြင်း အကြောင်းအရင်းဟာ ညှိနှို်င်းဆွေးနွေးမှုကို အစိုးရက လက်မခံခဲ့တဲ့အတွက် ဥပဒေနဲ့ အညီလုပ်ပါ ဆိုခဲ့တဲ့အတွက် ပြည်နယ်လွှတ်တော်က ဥပဒေနဲ့အညီ ဆောင်ရွက်လိုက်တဲ့အခါမှာ ဘတ်ဂျက်ငွေ ၆ ဘီလီယံကျော်ဟာ ဆုံးရှုံးသွားခဲ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်သူတရားခံလဲလို့ မဖော်ထုတ်လိုပါ။ ဘယ်သူ တရားခံလို့လဲ မပြောလိုပါ။ သို့သော် နောက်နောင်ကို ဒီလို အဖြစ်ဆိုးနဲ့ မကြုံဖို့ သတိထားကြပါ”ဟု ပြောကြားသွားခဲ့သည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စီမံဘဏ္ဍာဝန်ကြီး ဦကျော်အေးသိန်းကမူ ပြည်နယ်အစိုးရဘက်က ဘတ်ဂျက်ငွေကို ဥပဒေနှင့်အညီ ရေးဆွဲတင်သွင်းခဲ့သည်ဟု ဆိုသည်။
“ဘဏ္ဍာရေးဆိုတာကတော့ ကျနော်တို့မှာ ဥပဒေရှိတယ်။ ဖွဲ့စည်းပုံဥပဒေ မူဝါဒထဲမှာ ရှိတယ်။ နောက် လွှတ်တော် ဥပဒေ၊ နည်းဥပဒေရှိတယ် ဘဏ္ဍာရေးနဲ့ ပတ်သက်ပြီးတော့။ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းရှိတယ်။ နောက် စီမံကိန်းနဲ့ ဘဏ္ဍာရေး ရေးဆွဲတဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်တွေ ရှိပါတယ်။ အဲ့ဒီလို အဆင့်ဆင့်တွေနဲ့ ကျနော်တို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်”ဟု စီမံဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းက သတင်းထောက်များကို ပြောသည်။
ဘဏ္ဍာငွေဖြတ်တောက်မှုအပေါ် ပြည်နယ်အတွက် အများကြီး နစ်နာ၍ စိတ်မကောင်းဖြစ်ရသည်ဟု ဦးကျော်အေးသိန်းက ပြောသည်။
“လွှတ်တော်က ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ အညီဆောင်ရွက်တာ ဖြစ်တဲ့အတွက်ကြောင့် ကျနော့်အနေနဲ့ ဘာမှ ပြောဆိုစရာမရှိပါဘူး”ဟု ၄င်းက ပြောသည်။
အစိုးရကတင်ပြလာသည့် တစ်ချို့လုပ်ငန်းများတွင် လိုသည်ထက် ပို၍ များနေသည်ဆိုသည့် လွှတ်တော်၏ ပြောကြားချက်အပေါ် ဦးကျော်အေးသိန်းက “အဲ့ဒါတော့ သက်ဆိုင်ဌာနက သူ့ရဲ့ တွက်နည်းစနစ်တွေ ရှိတယ်။ နိုင်ငံတော်က ပြဌာန်းထားတာနဲ့အညီ လုပ်ထားတာဖြစ်ပါတယ်။ တစ်ခုနဲ့ တစ်ခုဆိုတာကတော့ ဥပမာ တံတားတစ်စင်း၊ ဘတ်(စ်) ကားဂိတ် တစ်ခုနဲ့ တစ်ခုဆိုတာကတော့ သူ့ရဲ့မြေပြင်အနေအထားအပေါ်မှာ မူတည်ပြီးတော့မှ တန်ဖိုးဟာ အတိုင်းအတာ တူပေမယ့် သုံးစွဲရတဲ့ ပစ္စည်းတန်ဖိုးတွေ၊ အရေအတွက်တွေ များတဲ့အတွက် တန်ဖိုးတွေ တစ်ခုနဲ့တစ်ခု မတူဘူး”ဟု ချေပပြောဆိုသွားခဲ့သည်။
အဆိုပါ လွှတ်တော်မှ ဖြတ်တောက်ခဲ့သည့် ငွေကျပ် ၆ ဘီလီယံကျော်ကို ပြည်ထောင်စုကို ပြန်အပ်ရမည်ဖြစ်ပြီး၊ ပြည်နယ်အစိုးရအနေဖြင့် သုံးစွဲခွင့်မရှိဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းက သတင်းထောက်များကို ပြောကြားသွားခဲ့သည်။







