မြောက်ဦးယဉ်ကျေးမှု ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရန် ၂၀၁၉ တွင် မူကြမ်းတင်သွင်းပြီး ၂၀၂၀ ခုနှစ်တွင် အချောတင်သွင်းမည်

မြောက်ဦးယဉ်ကျေးမှု ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရန် ၂၀၁၉ တွင် မူကြမ်းတင်သွင်းပြီး ၂၀၂၀ ခုနှစ်တွင် အချောတင်သွင်းမည်
by -
စံမောင်သန်း

ရခိုင်ဘုရင့်နိုင်ငံတော်၏ နောက်ဆုံးနန်းစိုက်ရာ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရန် မူကြမ်းအဆိုပြုလွှာကို ၂၀၁၉ နှစ် စက်တင်ဘာလတွင် တင်သွင်းပြီး၊ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် အချောတင်သွင်းမည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ဧပြီလ ၆ ရက်နေ့ နံနက်က ပြုလုပ်သော မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်း နိုင်ရန် ညှိနှို်င်းအစည်းအဝေးတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“အဆိုပြုလွှာ မူကြမ်းကို ၂၀၁၉ နှစ် စက်တင်ဘာလမှာ တင်သွင်းပြီးတော့ ၂၀၂၀ ခုနှစ် ဇန်နဝါရီ လမှာ အချောတင်သွင်းနိုင်အောင် စီစဉ်ဆောင်ရွက်နေပါတယ်။ ၂၀၂၀ ခုနှစ် ဧပြီလ မှာတော့ UNESCO က တာဝန်ရှိသူတွေက ကွင်းဆင်းစိစစ်ပြီး ၂၀၂၁ ခုနှစ် ဇွန်လကျရင် ကမ္ဘာ့ အမွေအနှစ်စာရင်း သတ်မှတ်မှု ရှိ/မရှိကို သိရမှာဖြစ်ပါတယ်”ဟု အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောသည်။

ယင်းသို့ တင်သွင်းနိုင်ရန်အတွက် ၁၉ ဦးပါဝင်သည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်း၍ ဆောင်ရွက် နေပြီး မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ် တင်သွင်းရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၇ ခုနှစ် မေလမှ စ၍ ပြုလုပ်လာခဲ့ရာ ယခုအခါ ၈ ကြိမ်ရှိပြီဟု သိရသည်။

မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် ကမ္ဘာ့ပညာရှင် နှစ်ဦးကို ငှားရမ်း ဆောင်ရွက်နေပြီး၊ မကြာသေးမီက အီတလီနိုင်ငံက ယူရို ၁ ဒသမ ၃ သန်းကိုလည်း ထောက်ပံ့ခဲ့သည်ဟု သိရသည်။

“ယဉ်ကျေးမှုဇုန်နယ်မြေအဖြစ် သတ်မှတ်တဲ့နေရာမှာ ဒေသဖွံ့ဖြိုးတိုးတက်မှုနဲ့ ရှေးဟောင်း အဆောက်အဦတွေ သဟဇာတကျရေးကို အလေးထားဆောင်ရွက်နေပြီးတော့ ဒေသခံ ပြည်သူ လူထုရဲ့ ပူးပေါင်း ပါဝင်မှုက အရေးကြီးပါတယ်”ဟု ဦးကျော်ဦးလွင်က ပြောသည်။

ဒေသဖွံ့ဖြိုးရေးနှင့် ရှေးဟောင်းအမွေအနှစ်တို့ ထိပ်တိုက်တွေ့မှုမရှိရအောင် သတိထား ဆောင်ရွက်ရမည့်အပြင် ကော်မတီတွင် ပါဝင်ထိုက် ပါဝင်သင့်သူများလည်း ပါဝင်ဖို့ လိုအပ် သည်ဟု မြောက်ဦးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောသည်။

“မြောက်ဦးကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အောင် စီစဉ်ဆောင်ရွက် နေကြတယ် ဆိုပေမယ့် ဘာတွေ ဆောင်ရွက်နေကြတယ်ဆိုတာကို ကျနော့်အနေနဲ့ တိတိကျကျ ဘာမှ မသိရှိရသေးပါဘူး။ တတ်နိုင်မယ်ဆိုရင် ကျနော်ကိုယ်တိုင် ပူးပေါင်းပါဝင်ချင်ပါတယ်”ဟု ဦးဦးလှစောက ထောက်ပြသွားခဲ့သည်။

မြောက်ဦး ယဉ်ကျေးမှု ဇုန်နယ်မြေကို ယနေ့အချိန်အထိ တိတိကျကျ မသတ်မှတ် နိုင်သေးသည်မှာ မြို့သစ်စီမံကိန်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများနှင့် အဆင်မပြေဖြစ်နေသည့်အတွက် မြောက်ဦးယဉ်ကျေးမှု ဇုန်နယ်မြေတစ်ခုကို ဆောလျင်စွာ တိတိကျကျ သတ်မှတ် ပေးဖို့ လိုအပ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက အကြံပြု ပြောကြားသွားခဲ့သည်။

မြန်မာနိုင်ငံတွင် ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ရန် နေရာ ၈ ခုကို သတ်မှတ်ထားပြီး ထိုအထဲမှ ပျူယဉ်ကျေးမှုကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရပြီး၊ ပုဂံကိုလည်း အဆိုပြု တင်သွင်းထားပြီဖြစ်ကာ၊ မြောက်ဦးပြီးလျှင် ရွှေတိဂုံကိုလည်း အဆိုပြု တင်သွင်းရန် ရှိသည်ဟု ဆိုသည်။

၂၀၁၇ ခုနှစ် ဇူလိုင်လအထိ ကမ္ဘာပေါ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ထားသည့် နေရာ ၂၀၇၃ ခုရှိပြီး၊ အီတလီတွင် ၅၃ ခုနှင့် တရုတ်နိုင်ငံတွင် ၅၂ ခု ရှိကြောင်း သိရသည်။

ယနေ့ပြုလုပ်သော အစည်းအဝေးသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာနှင့် လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ကမ္ဘာ့အမွေအနှစ် ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး၊ မန္တလေးနည်းပညာတက္ကသိုလ်မှ ပါမောက္ခဌာနမှူး ဒေါက်တာစုစု၊ ရခိုင်သမိုင်း သုတေသီများဖြစ်ကြသည့် ဆရာကြီး ဦးအောင်လှသိန်းနှင့် ဆရာကြီး မောင်ဗသိန်း၊ မြောက်ဦးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောနှင့် ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ အပါအဝင် စုစုပေါင်း ၅၀ ခန့် တက်ရောက်ခဲ့ကြသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...