ရခိုင်ပြည်နယ် သံတွဲမြို့တွင် လယ်သမား ၂၀၀ ခန့်သည် မြေယာအငြင်းပွားမှု တစ်ခုနှင့် ပတ်သက်ပြီး မြို့နယ် တရားသူကြီး၏ ဆုံးဖြတ်ချက်နှင့် မြေတိုင်းလ/ထ ဦးစီးမှူး၏ ဆောင်ရွက်ချက်ကို မကျေနပ်သဖြင့် ယနေ့တွင် ဆန္ဒပြခဲ့ကြသည်။
“ တရားသူကြီးက သူပိုင်ကိုယ်ပိုင် အငြင်းပွားမှု ဖြစ်နေတဲ့ မြေတစ်ခုကို ဘယ်သူက ဘယ်လောက် ပိုင်တယ်။ ဘယ်သူမြေက ဘယ်လောက်ရှိတယ်ဆိုတာကို တိုင်းတာမှု တစ်စုံတစ်ရာ မလုပ်ဘဲနဲ့ ဦးကျော်စိုးကို ထောင် ၂ လ ချလိုက်တာကြောင့် တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ဟာ မတရားတဲ့ အတွက် ဆန္ဒပြရတာ ဖြစ်ပါတယ်” ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးကျော်လှက နိရဥ္စရာ သတင်း ဌာနသို့ ပြောသည်။
သံတွဲမြို့နယ် မြေစာရင်းဦးစီးဌာနမှ လ/ထ ဦးစီး ဦးတင်အေးအား ဆန္ဒပြကန့်ကွက်ရခြင်းမှာ ခရိုင် တရားသူကြီးမှ ၎င်းမြေအား တိုင်းခိုင်းရာ ၎င်းမှ မတိုင်းဘဲ ခွင့်ရက်ရှည်ယူသွားခြင်းကြောင်း ကန့်ကွက် ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
" ကျနော်ဆန္ဒပြရတဲ့ အကြောင်းအရင်းကတော့ တရားသူကြီး အမိန့်ချတာတွေ မမှန်မကန်ဖြစ်တဲ့အတွက် ဒီဟာတွေကို အမှန်တရားပေါ်ပေါက်ချင်လို့။ နိုင်ငံသိအောင်၊ ကမ္ဘာသိအောင် ဖြစ်အောင် ဒီလိုဆန္ဒဖော်ထုတ်ရတာဖြစ်တယ်။" ဟု ဆန္ဒပြဦးဆောင်သူ ဦးကျော်လှက ပြောသည်။
ဆန္ဒပြသူ ၂၀၀ ခန့်သည် နေ့လယ် ၁၂ နာရီမှ ၁ နာရီအထိ အံတော်တံတားတွင် စုရပ်လုပ်ပြီး ၎င်းနေရာမှ မြို့မရဲစခန်း၊ မြို့နယ်မြေစာရင်း အင်းဦးစီးဌာ၊ ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးအထိ လမ်းလျှောက်ကာ ၎င်းတို့၏ လိုလားချက်များကို ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
" ဒီမြေကိစ္စနဲ့ ပတ်သက်လို့ ဒေါ်မာလာတင်က ၂ဝ၁၄ ခုနှစ်ကနေ မြေလွတ်မြေရိုင်းတွေကို ဂရမ်လျှောက်လိုက်တယ်ပေါ့။ ဒီလျှောက်လိုက်တဲ့အထဲမှာ ဦးကျော်စိုးတို့အပါအဝင် ဒီဒေသမှာရှိတဲ့တောင်သူတွရဲ့မြေတွေ လည်းအများကြီးပါသွားတယ်။ ဒီအတွက် ပြဿနာ ဖြစ်နေတာပါ" ဟု ရခိုင်တောင်သူလယ်သမားသမဂ္ဂအဖွဲ့ သံတွဲခရိုင်ကော်တီဥက္ကဋ္ဌ ဦးကိုလေးက ပြောသည်။
ဖမ်းဆီးထောင်ချခံနေရသည့် ဦးကျော်စိုး၏ ညီမဖြစ်သူ မညိုလေးက "အခုဒီဂျိတ်တောမှာရှိတဲ့ နတ်မော်တောင်ကြီးဟာ ကျမတို့ ဘိုးဘွားစဉ်ဆက်လုပ်စားလာတဲ့ တောင်လည်းဖြစ်တယ်။ အဲဒီနတ်မော်တောင်ကြီးကို ဆင်တော်ကောက်ဆီဆိုင် ငဖြူနဲ့ ဒေါ်မာလာတင်တို့က ၂ဝ၁၄ ခုနှစ်က အမည် ဖောက်ပြီး လုယူသွားတယ် " ဟု ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သံတွဲမြို့နယ် တရားသူကြီး ဦးကျော်ဇံဝင်းအား နိရဥ္စရာက ဆက်သွယ်မေးမြန်းရာ “ ဒီမြေတိုင်းမယ့်ဟာက ကျွန်တော် တရားရုံးရဲ့ အလုပ်မဟုတ်ပါဘူး။ ကျွန်တော်တို့က ကျူးကျော်မှုနဲ့ အမှုကို စီရင်တာပါ။ သူက ၂၀၁၄ ကလည်း တစ်ကြိမ် ဖြစ်ပြီးပြီ။ ဒါကိုလည်း ကျူးကျော်မှုနဲ့ သူနဲ့ အပေါင်းအပါ ၈ ဦးကို ဒဏ်ငွေတပ်ခဲ့ပါတယ်။ အခု ၂၀၁၈ မှာဖြစ်လာတော့ ကျူးကျော်မှုနဲ့ဘဲ ထောင် ၂ လ ချမှတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ဆန္ဒပြခံရရာတွင် ပါဝင်သူ သံတွဲမြို့နယ် မြေစာရင်းဦးစီးဌာန လ/ထ ဦးစီးမှူး ဦးတင်အေးအား ဆက်သွယ်ရာ သူက “ ကျွန်တော်ခွင့်ရက်ရှည်ယူတာက ဒီအမှုနဲ့ ဘယ်လိုမှ မပတ်သက်ပါ။ ကျွန်တော်ခွင့်ယူတယ်ဆိုတာက တစ်လကျော်တည်းက အထက်ကို တင်ထားရပါတယ်။ ဦးကျော်စိုး ထောင်ချတာ ကျွန်တော် ခွင့်ယူတာနဲ့ ဘာမှ ပတ်သက်မှု မရှိပါ။ ဒီမြေကို ကွင်းဆင်း စစ်ဆေးဖို့ဆိုရင်လည်း အမှု ဖြစ်နေတဲ့ အတွက် ကျွန်တော်သဘောထားတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရပါ။ အထက်အဆင့်ဆင့်ကို တင်ပြပြီးမှ လုပ်ရတာပါ။ အခု ဒီမြေကို စစ်ဆေးဖို့လည်း အထက်ကို တင်ပြထားပါပြီ။ ခွင့်ပြုမိန့်မကျလာသေးပါဘူး။ ကျွန်တော်နဲ့ ဒီအမှုနဲ့ ဘာမှ မပတ်သက်ပါဘူးခင်ဗျား ” ဟု ပြောသည်။
ယခု မြေအငြင်းပွားမှုမှာ သံတွဲမြို့နယ် နတ်မော်တောင်တွင်ရှိသည့် မြေ (၂၇)ဧက အနက်မှ ဒေါ်မာလာတင်၏မြေ ၈ ဒဿမ ၈၉ ဧက၊ ဦးသန်းနိုင်(ခ) ငဖြူ ပိုင်မြေ ၂ ဒဿမ ၅ဝ ဧကနှင့် ဦးကျော်စိုးပိုင် ၃ဒဿမ ၃၆ ဧက ရှိနေပြီး သူပိုင်ကိုယ်ပိုင် အငြင်းပွားနေကြရာမှ ဦးကျော်စိုးနှင် ့မိသားစုဝင်များက ကျူးကျော်သည်ဟု တရားရုံးက ဆုံးဖြတ် ထောင်ချခဲ့ပြီးနောက်ပိုင်း တရားရုံး ဆုံးဖြတ်ချက်မှာ မတရားဆုံးဖြတ်ချက် ဖြစ်သည်ဟု ဆိုကာ ဒေသခံများက ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ ပြုလုပ်သည့် ဆန္ဒပြပွဲတွင် ကြွေးကြော်သံများမှာ ခရိုနီများမှ တရားစီရင်ရေးယန္တရားကို အသုံးပြု၍ အမှုအခင်းများဖန်တီးပြီး ဒေသခံမြေများအား လုယူနေမှုနှင့် ထောင်ကျစေရန်ကြံဆောင်နေမှုကို အရေးယူပေးရေး (ဒို့အရေး) ၊ သံတွဲခရိုင်တရားရုံးမှ မြေတိုင်းရန် ကော်မရှင်ခန့်အပ်ပြီးမှ ခွင့်ရက်ရှည် ယူသွားသော မြို့မြေစာရင်း လ/ထ ဦးစီး ဦးတင်အေးအား စုံးစမ်းစစ်ဆေးပြီး ထိရောက်စွာ အရေးယူပေးရေး ( ဒို့အရေး)၊ အမှန်တရားပေါ်ပေါက်အောင်ဆောင်ရွက်၍ မျှတမှန်ကန်စွာ တရား စီရင်မှုများ ပေါ်ပေါက်လာရေး (ဒို့အရေး) ၊ အင်အားမျှတမှု သာတူညီမျှရှိမှု ကောင်မြတ်ချမ်းရှိမှုကို ဒေသခံဌာနေ တိုင်းရင်းသားများ အကျိုးခံစားခွင့်ရရှိရေး (ဒို့အရေး) မတရားအကျဉ်းကျခံနေရသော တောင်သူဦးကျော်စိုးနှင့် ပတ်သက်၍ အမှန်တရားကိုဖော်ထုတ်ပြီး မျှတမှန်ကန်မှုရှိအောင် ဆောင်ရွက်ပေးရေး (ဒို့အရေး) တို့ဖြစ်သည်။







