ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်တွင် မတ်လ၂၉ ရက်နေ့ ည ၈ နာရီကျော် အချိန်က ရဲအချင်းချင်း ရန်ဖြစ်ရာမှ ဓါးထိုးမှုနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ ရဲအရာရှိတစ်ဦးတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်ဟု သတင်းရရှိသည်။
“နှစ်ယောက်ရန်ဖြစ်တာ၊ တာဝန်ထမ်းဆောင်ရင်းနဲ့ ရန်ဖြစ်တယ်။ တစ်ယောက်က ဓါးနဲ့ ထိုးတယ်၊ တစ်ယောက်က သေနတ်နဲ့ ပစ်လိုက်တယ်။ တပ်ဖွဲ့ဝင်တစ်ယောက် ဆုံးတယ်။ အရာရှိ တစ်ယောက်ကတော့ ခေါင်းမှာ ပြတ်ရှဒဏ်ရာရပါတယ်”ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။
ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာအရ သေဆုံးသူနှင့် ဒဏ်ရာရရှိသူတို့၏ အမည်ကို မဖော်ပြလိုကြောင်း အဆိုပါ ရဲအရာရှိကပြောသည်။
“ သေဆုံးသူမှာ ရဲဒုတပ်ကြပ် ကျော်အောင်ဝင်းဖြစ်ပါတယ်။ သူက ယိုးတရုပ်ဇာတိပါ။ ဒဏ်ရာရရှိသူမှာ ရဲအုပ်ဘစံတို့ ဖြစ်တယ်။ သူက မြောက်ဦးဇာတိလို့ သိရပါတယ်။ ယိုးတရုပ်အထွက် လမ်းဝ ကားဂိတ်မှာ ဖြစ်ကြတာလို့ သိရပါတယ်” ဟု ယိုးတရုပ် ဒေသခံ တစ်ဦးက ပြောသည်။
၎င်းရဲဒုတပ်ကြပ်နှင့်ရဲအရာရှိတို့သည် ထွေးလုံးသတ်ပုတ်ကြကြောင်း၊ ထိုသတ်ပုတ်စဉ် ရဲအရာရှိကို ဓားဖြင့် ထိုးသဖြင့် ဒဏ်ရာ ၁၁ ချက်ရကြောင်း၊ ရဲအရာရှိမှ မခံနိုင်သည့် အဆုံး သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း ၎င်းဒေသခံက ဖြစ်စဉ်နှင့် ပတ်သက်ပြီး သူသိသလောက် ပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်အောင် ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းသို့ ဆက်သွယ်ရာ တာဝန်ကျ ဒုရဲအုပ်တစ်ဦးမှ အလုပ်များနေသဖြင့် ထိုကိစ္စကို ပြောဆိုရန် အချိန်မရကြောင်း ပြောဆိုသည်။
အခင်းဖြစ်ပွားပြီးနောက် အလောင်းကို ပုဏ္ဏားကျွန်းမြို့နယ်ဆေးရုံသို့ ယူဆောင်သွားကြောင်း၊ ယိုးတရုပ်အခြေအနေမှာ အေးဆေးတည်ငြိမ်လျက်ရှိကြောင်း၊ အခင်းဖြစ်ပွားချိန်တွင် ယိုးတရုပ်ရွာတွင် ကျောင်းတင်ပွဲနှင့် ရေစက်ချပွဲ ဖြစ်နေ၍ အခင်းဖြစ်ပွားမှုကို သေသေချာချာ မသိပါကြောင်း ယခင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးဝင်းမောင်က ပြောသည်။
ဒဏ်ရာ ရရှိသွားခဲ့သည့် ရဲအရာရှိကို ပုဏ္ဍားကျွန်းမြို့နယ် ဆေးရုံသို့ ယူဆောင်သွားပြီး လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည်ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံမှ ရဲအရာရှိက ပြောသည်။







