ရခိုင်ပြည်နယ် ဂွမြို့နယ် လောင်းကျိုးတွင် ဒေသခံ အမျိုးသမီး တစ်ဦး၏ အိမ်ခြံမြေကို သူဝယ်ထားသော ခြံဟုဆိုကာ မန္တလေးမှ သူဌေးတစ်ယောက်မှ ခြံလာခတ်သဖြင့် ကျေးရွာသား ၄၀ လောက်က ဂွမြို့ပေါ်တက်၍ ဆန္ဒဖော်ထုတ်ခဲ့သည်ဟု သတင်းရရှိသည်။
ဂွမြို့နယ် လောင်းကျိုးရွာမှ ကာယဌာန၊ ပညာရေးတက္ကသိုလ်မှ အငြိမ်းစား ဦးထွန်းကြည် (ကွယ်လွန်)၏ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ပိုင်ဆိုင်သော အိမ်မြေနေရာအား မန္တလေးမှ သူဌေးတစ်ယောက်မှ လွန်ခဲ့သည့် တစ်ပတ်ကျော်က သူဝယ်ယူထားသော ခြံဟုဆိုကာ ခြံလာခတ်ခဲ့သည်ဟု သိရသည်။
“ ဒေါ်မြင့်မြင့်တို့မှာ လောင်ကျိုးမှာ ခြံ (၃) ကွက်ရှိပါတယ်။ ဦးထွန်းကြည် ရှိစဉ်က နှစ်ကွက်ကို ပွဲစားက တစ်ဆင့် မန္တလေးက သူဌေးတစ်ယောက်ကို ရောင်းချလိုက်တယ်။ အဲဒီ ၂ ကွက်ကို ပေးလိုက်ပါပြီ။ အခု ကျန်နေတဲ့ တစ်ကွက်ကိုလည်း ပွဲစားတစ်ဆင့် သူဝယ်ထားတာပါဆိုပြီး လွန်ခဲ့တဲ့ ဆယ်လေးငါးရက်က ခြံလာခတ်တယ်။ ဒါကို ရဲစခန်းကို တိုင်တော့ ရဲစခန်းက အမှုကို လက်မခံဘဲ တရားရုံးကို ဦးတိုက်လျှောက်ပါဆိုပြီး ပြောလာတယ်။ ဒီအတွက် ဒီကနေ့မှာ ဆန္ဒဖော်ထုတ်ရတာ ဖြစ်ပါတယ်” ဟု ရှေ့နေ ဦးတင်ညိုက ပြောသည်။
ဒေါ်မြင့်မြင့်သည် သူမပိုင်ခြံမြေတွင် ၀ါးတဲအိမ်လေးဆောက်ထားခဲ့ကြောင်း၊ လွန်ခဲ့သည့် ၁၅ ရက်လောက်က မန္တလေးက သူဌေးလင်မယား ရောက်လာခဲ့ကြောင်း၊ ၎င်းတို့မှ ခြံစည်းရိုးနှင့် အိမ်ကိုဖြိုဖျက်ကာ အိမ်ဆောက်ဝါးများကို ခြံရှေ့တွင် စုပုံထားကြောင်း၊ အခိုင်အမာ ကျောက်တိုင်စိုက် သံဇကာ ကာရန်ကာ ခြံခတ်ထားခဲ့ကြောင်း ၎င်းက ပြောကြားသည်။
“ ဒေသခံတွေက အရမ်းရိုးပါတယ်။ ဒီလို ခြံခတ်ပေမယ့် ဘာမှ တုန့်ပြန်မှု မလုပ်ကြဘူး။ တကယ်ဆိုရင် အားနဲ့ အကြမ်းဖက်တဲ့ သဘောဖြစ်ပါတယ်။ ပီးရင် ဒီခြံကို ဝယ်ထားတယ် ဆိုတာကို ဘာစာချုပ်စာတန်းမှ မပြနိုင်ဘူး။ အသိသက်သေလည်း မရှိဘူး။ အဲဒီ အိမ်ခြံမြေအတွက် ဒေါ်မြင့်မြင့်က နှစ်စဉ်အခွန်ဆောင်လာခဲ့တဲ့ မြေခွန်ပြေစာ ရှိနေပါတယ်။ ဒါပေမယ့် သူတို့ ပိုင်တယ်ဆိုပြီး လာလုပ်တာပါ” ဟု သူက ဆက်လက် ပြောကြားသည်။
၎င်းမန္တလေးမှ သူဌေးဆိုသူသည် ပွဲစားမှ တစ်ဆင့် ဂွမြို့နယ် လောင်းကျိုးကျေးရွာ အနီး တစ်ဝှိုက်တွင် အိမ်ခြံမြေအများအပြားကို ဝယ်ယူထားပြီး မြေစာရင်းဌာနနှင့်လည်း ပူးပေါင်း ဆောင်ရွက်မှုများရှိနေသည်ဟု ဦးတင်ညိုက ပြောသည်။
မတ်လ ၃၀ ရက်နေ့တွင် ဆန္ဒဖော်ထုတ်သူများသည် ဂွမြို့ ဗိုလ်ချုပ်လမ်းထောင့်နှင့် ဦးဥတ္တမ လမ်းထောင့်တွင် စုရပ်လုပ်ပြီး ဗိုလ်ချုပ်လမ်းအတိုင်း ပိုစတာများ၊ ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး ကြွေးကြော်သံများ ကြွေးကြော်၍ ချီတက်ကာ ဂွမြို့ ဖောင်တော်ဆိပ်တွင် လူစုခွဲလိုက်သည်ဟု သိရသည်။
ဆန္ဒပြသူများသည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ််လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးနှင့် ဥပဒေအား လက်တွေ အကောင်အထည်ဖော် ဆောင်ရွက်ရေး (ဒို့အရေး)၊ တရားဥပဒေစိုးမိုးရေး- ဥပဒေနှင့် အညီ အဂတိကင်းစွာ ဆောင်ရွက်ပေးရေး (ဒို့အရေး)၊ ဌာနဆိုင်ရာများမှ မမှန်မကန် လုပ်ဆောင်ထားရှိမှုများအား စုံစမ်း ထုတ်ဖော် အရေးယူပေးရေး (ဒို့အရေး) စသည်တို့ကို ကြွေးကြော်ခဲ့ကြသည်ဟု သိရသည်။







