မွန်ပြည်နယ် ရာဘာစျေးနှုန်း ဆက်တိုက်ကျဆင်းလာ

မွန်ပြည်နယ် ရာဘာစျေးနှုန်း ဆက်တိုက်ကျဆင်းလာ
ရာဘာစေးမှ ရာဘာပြားထုတ်လုပ်နေပုံ(photo: MNA)
ရာဘာစေးမှ ရာဘာပြားထုတ်လုပ်နေပုံ(photo: MNA)

မွန်ပြည်နယ်၏ အဓိက ထွက်ကုန်ဖြစ်သည့် ရာဘာစျေးကွက်မှာ ယမန်နှစ်ကထက် စျေးနှုန်းပိုမိုကျဆင်းလာသည်ဟု ဖူးရှင်ရာဘာဒိုင် မန်နေဂျာ ဦးသူရက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ယမန်နှစ်က ကာလပေါက်စျေးသည် တစ်ပေါင်လျှင် ပျမ်းမျှအားဖြင့် အနည်းဆုံး (၉၅၀) ကျပ်မှ အများဆုံး ကျပ် (၁၀၀၀) ကျော်အထိ ရရှိခဲ့သော်လည်း ယခုလက်ရှိ ကာလပေါက်စျေးသည် Good RSS 3 တစ်ပေါင်လျှင် ကျပ်(၈၀၀) ကျော်၊ Myanmar RSS 3 တစ်ပေါင်လျှင် (၇၀၀) ကျပ်၊ CSR 10 တစ်ပေါင်လျှင် (၈၀၀) ကျပ်၊ MSR 10 တစ်ပေါင်လျှင် (၇၄၀) ကျပ်နှင့် MSR 20 တစ်ပေါင်လျှင် (၇၀၀) ကျပ် ရှိနေသည်ဟု ဖူးရှင်ရာဘာဒိုင်ထံမှ သိရသည်။

“မနှစ်က ဒီအချိန်မှာစျေးတက်တာ၊ ဒီနှစ် (၉) လပိုင်းကတည်းက RSS 3 ရာဘာစျေး ၁၀၀၀ ကျော်ကနေ တောက်လျှောက်ကျလာတာ ဒီနေ့ဆိုရင် ၇၀၀ လောက်ပဲ ကျန်တော့တယ်” ဟု မန်နေဂျာ ဦးသူရက ပြောသည်။

မွန်ပြည်နယ်မှ ရာဘာထွက်ကုန်များကို တရုတ်နိုင်ငံသို့ အများဆုံး တင်သွင်းနေရပြီး ယခုနှစ်တွင် တရုတ်နိုင်ငံဘက်မှ ဝယ်လိုအားကျဆင်းနေသောကြောင့် စျေးနှုန်းကျဆင်းရခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

“စျေးနှုန်းက လောလောဆယ် မှိုင်းကျက် (၇၀၀) ကျပ် လောက်ရှိတာပေါ့။ မနှစ်က ဒီအချိန်ဆိုရင် ၉၅၀ လောက် စျေးပေါက်တယ် ဒီနေ့ဆိုရင် ၅၀ ကျပ်လောက် ထပ်ကျသေးတယ်”ဟု ရေးမြို့နယ် ရာဘာရောင်းဝယ်ရေး လုပ်ကိုင်သူ ဦးဆန်းမောင်က ပြောသည်။

ဒေသခံများသည် ရာဘာထွက်ကုန်ကို အဓိကအားထား၍ လုပ်ကိုင်နေရသောကြောင့် ယခုလို ရာဘာစျေးနှုန်းကျဆင်းခြင်းသည် စားဝတ်နေရေးအတွက် အကြပ်အတည်းဖြစ်စေသည်ဟု  ရာဘာခြံပိုင်ရှင် ဒေါ်အေးကြည်က ပြောသည်။

“မနေ့က ရာဘာရောင်းလိုက်တာ တစ်ပေါင်ကို ၅၉၀ ကျပ်ပဲ ရတာ၊ စျေးကလည်း မကောင်း သင်္ကြန်လည်းနီးလာပြီးဆိုတော့ ပိုက်ဆံအကြပ်အတည်းဖြစ်တယ်” ဟု ဒေါ်အေးကြည်က ဆက်ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ရာဘာစိုက်ပျိုးဧက (၁၄) သိန်းကျော်ရှိသည့်အနက် မွန်ပြည်နယ်၌ ရာဘာစိုက်ပျိုးဧက (၅) သိန်းကျော်ရှိပြီး တစ်နှစ်လျှင် ရာဘာတန်ချိန် (၁၀၆,၀၀၀) ထုတ်လုပ်နိုင်သည်ဟု ရာဘာလုပ်ရှင်များအသင်း၏ ဇရင်းဇယားများအရ သိရသည်။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...