စစ်ကော်မရှင် ရွေးကောက်ပွဲမှာ တရုတ်လုပ် ရွေးကောက်ပွဲသာဖြစ်ဟု လေ့လာသူများ ဝေဖန်

စစ်ကော်မရှင် ရွေးကောက်ပွဲမှာ တရုတ်လုပ် ရွေးကောက်ပွဲသာဖြစ်ဟု လေ့လာသူများ ဝေဖန်

စစ်ကော်မရှင်က ကျင်းပနေသည့် ရွေးကောက်ပွဲသည် မြန်မာ့အချုပ်အခြာအာဏာကို ကျော်လွန်၍ တရုတ် အကျိုးစီးပွားအတွက် ဖန်တီးသည့် ‘Made in China’ ရွေးကောက်ပွဲဟု စောင့်ကြည့်နေသူများက ဝေဖန် လိုက်သည်။

၂၀၂၅ အတုအယောင် ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားမှုမရှိဘဲ တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးအကျိုးအမြတ်များအတွက် တွန်းအားပေးဖန်တီးထားသည့် ‘Made in China’ ရွေးကောက်ပွဲသာ ဖြစ်ကြောင်း ရွေးကောက်ပွဲစောင့်ကြည့်သူများနှင့် တက်ကြွလှုပ်ရှားသူများက ဝေဖန်ထောက် ပြလိုက်ကြခြင်း ဖြစ်သည်။

သျှမ်းသံတော်ဆင့်သတင်းဌာန၏ အယ်ဒီတာချုပ် စိုင်းမိဏ်းက “တိန့်ရှီကျွန်း ပြောတဲ့ စကားကို ကြည့်ခြင်းအားဖြင့် တရုတ်က တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွတ်ဖက်ပါဘူးဆိုတဲ့ မူဝါဒကို သူတို့ကိုယ်တိုင် ကျော်လွန်ပြီး မြန်မာပြည်အပေါ် ဖိအားပေး ရွေးကောက်ပွဲလုပ်ခိုင်းတဲ့ ပုံစံဖြစ်နေတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင်က အဆင်သင့် ဖြစ်မနေဘဲနဲ့ ရွေးကောက်ပွဲ လုပ်ရတဲ့သဘောလည်း ပြနေတယ်” ဟု သုံးသပ်သည်။

တရုတ်နိုင်ငံသည် ၎င်းတို့၏ One Belt One Road (BRI) ပိုးလမ်းမစီမံကိန်းနှင့် ရပ်တန့်နေသည့် မြစ်ဆုံ ရေကာ တာစီမံကိန်းများကို ပြန်လည် အသက်သွင်းနိုင်ရန်အတွက် စစ်ကော်မရှင်နှင့် ပူးပေါင်းကာ ယခု ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို ဖိအားပေးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အထူးသဖြင့် တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းက ဤရွေးကောက်ပွဲသည် တရုတ်သမ္မတနှင့် စစ်ခေါင်းဆောင်တို့၏ သဘောတူညီမှုဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒီဇင်ဘာလကုန်ပိုင်းက ထုတ်ဖော်ပြောဆိုခဲ့မှုသည် တရုတ်၏ဝင်ရောက်စွက်ဖက်မှုကို ပိုမိုထင်ရှားစေခဲ့သည်။

ထို့အပြင် မြစ်ဆုံစီမံကိန်းကဲ့သို့ တစ်နိုင်ငံလုံးက ကန့်ကွက်နေသည့် လုပ်ငန်းများကို အလဲအလှယ်လုပ်ကာ ရွေးကောက်ပွဲ ကျင်းပပေးနေရခြင်းဖြစ်ကြောင်း ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) KWAT မှ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့တာဝန်ခံ ဆန်ထွယ်က ပြောသည်။

“စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ကြည့်ရတာတော့ made in china ပေါ့နော်၊ တရုတ်ပြည်က ထုတ်လုပ်တဲ့ ရွေးကောက်ပွဲလို့တောင် ပြောလို့ရတယ်။ ကျမတို့ရဲ့ ကချင်ဒေသ မြစ်ဆုံ Dam ကို ပြန်လုပ်ဖို့ ဖိအားပေးနေတာ တွေ၊ လူတွေလွှတ်နေတာတွေ ရှိတယ်။ ဒါတွေက အလဲအလှယ်လုပ်တဲ့ ပုံစံမျိုး ဖြစ်နေလို့ made in china election လို့ ပြောလို့ရတာပါ။”

စစ်ကော်မရှင်သည် ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲ၍ ကျင်းပနေပြီး ဇန်နဝါရီ ၁၁ ရက်နေ့တွင် ဒုတိယပိုင်းကို လုပ်ဆောင်ခဲ့သော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းကမူ အသိအမှတ်ပြုရန် အလှမ်းဝေးနေဆဲဖြစ်သည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် တင်တင်ညိုက “ရလဒ်အနေနဲ့ ဘယ်လိုပဲ ထွက်လာထွက်လာ နိုင်ငံတကာက အသိအမှတ်ပြုသွားမဲ့ အနေအထား မရှိဘူး” ဟု ပြောသည်။

ရွေးကောက်ပွဲ စောင့်ကြည့်သူများ၏အဆိုအရ စစ်ကော်မရှင်သည် ၎င်းတို့၏ တရားဝင်မှုအတွက် တရုတ်နိုင်ငံ ကို အားကိုးကာ နယ်မြေများနှင့် သယံဇာတများကို အဆုံးရှုံးခံ၍ ရွေးကောက်ပွဲကို ကျင်းပပေးနေရခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ဤရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မည်မဟုတ်ဘဲ ရွေးကောက်ပွဲ အလွန်ကာလတွင် စစ်ရေးပဋိပက္ခများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုပြင်းထန်လာနိုင် ကြောင်း ပညာရှင်များက သတိပေးထားသည်။

ဓါတ်ပုံ - ပုံဟောင်း

March 30, 2026
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ကိုင်ပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည်...
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရန်ကုန် ရန်ကင်း (Facebook)
March 28, 2026
နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က...
Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...