အသစ်တက်လာသော သမ္မတ ဦးဝင်းမြင့်သည် အမျိုးသားရင်ကြားစေ့ရေးကို ဆောင်ရွက်နိုင်လိမ့်မည်ဟု ဖမ်းဆီးခံထားရသည့် ဒေါက်တာ အေးမောင်က ပြောကြားသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်အား သမ္မတ အဖြစ် လွှတ်တော်တွင် ယနေ့ ရွေးချယ်တင်မြောက်နေချိန်တွင် လက်ထိပ်ခတ်ကာ ခုနှစ်ကြိမ်မြောက် ရုံးထုတ်ခြင်းကို ခံရသည့် ရခိုင်နိုင်ငံရေးလောကမှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါက်တာ အေးမောင်က သတင်းသမားများသို့ ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ အခု အသစ်တက်လာတဲ့ သမ္မတအနေနဲ့ အချိန်တို အတောအတွင်းမှာ အမျိုးသား ရင်ကြား စေ့ရေးကို ဆောင်ရွက်ပေးနိုင်လိမ့်မယ်။ အမျိုးသား ရင်ကြားစေ့ရေးအတွက် ပင်လုံညီလာခံကို မကြာမီ ကျင်းပတော့မယ်။ အဲဒီကျင်းပတဲ့ အခါမှာ ဖြစ်နိုင်ရင်တော့ဗျာ ကျနော်လည်း တက်ချင်တာပေါ့” ဟု ၄င်းက သတင်းထောက် များကို ပြောကြားခဲ့သည်။
နှစ်ပေါင်း ၇၀ ပြည်ထောင်စုပြဿနာဖြစ်နေသည့် အချိန်တွင် သူ့အနေဖြင့် စစ်တွေ အကျဉ်းထောင်တွင် ရက်ပေါင်း ၇၀ နေထိုင်ခဲ့ရပြီဖြစ်သည်ဟုလည်း ပြောဆိုသည်။
“အခုဦးဝင်းမြင့် သမ္မတဖြစ်လာမှာကို ဝမ်းသာတယ်။ ဖြစ်ရပ်တစ်ခုအတွက် အမှု ၃ ခု စွဲဆိုမှုအပေါ် တည်ဆဲ ဥပဒေပုဒ်မ ၅၆၁ (က) အရပေါ့နော်၊ အမှု ၃ ခုလုံးကို ပယ်ဖျက်ပေးဖို့အတွက် ရခိုင်ပြည်နယ် လွှတ်တော်ဘက်ကို တင်ဖို့ရှိပါတယ်”ဟု တရားရုံးသို့ အဝင်တွင် ဒေါက်တာ အေးမောင်က သတင်းထောက်များကို ပြောကြားခဲ့သည်။
အမှု ၃ ခုဖြင့် တရားစွဲခံထားရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ရခိုင်ပြည်နယ် စစ်တွေမြို့ ခရိုင်နှင့် မြို့နယ်တရားရုံးသို့ ယနေ့နံနက် ၁၀ နာရီခန့်က ၇ ကြိမ်မြောက် ရုံးထုတ်စဉ် ဒေါက်တာအေးမောင်အား ဝန်းရံပြည်သူ ၅၀ ခန့် လာရောက်အားပေးခဲ့ကြသည်။
ယခင်က ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ရုံးထုတ်စဉ် သူတို့နှစ်ဦးအား ထောက်ခံသူများနှင့် လုံခြုံရေးတို့အကြား တွန်းတိုးမှုများရှိခဲ့သော်လည်း ယနေ့ရုံးထုတ်ရာတွင် နှစ်ဘက်နားလည်မှုယူပြီး တွန်းတိုးမှုနှင့် အပြန်အလှန် အချေအတင်ပြောဆိုမှု တစ်စုံတစ်ရာ မဖြစ်ပေါ်ခဲ့ပေ။
ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့၌ ပြုလုပ်ခဲ့သည့် ၂၃၃ နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် အခမ်းအနား၌ ဟောပြောခဲ့မှုဖြင့် နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) (ဂ) ၊ မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇ (၁) တို့ဖြင့် တရားစွဲဆိုထားပြီး ယနေ့ရုံးထုတ်ရာတွင် တရားလိုပြ သက်သေတစ်ဦးတည်းကို အမှု ၃ ခုလုံးအတွက် တရားရုံးတွင် ကြားနာစစ်ဆေးသွားမည်ဟု စာရေးဆရာ ဝေဟင်အောင်၏ မိသားစုထံမှ သိရှိရသည်။







