စစ်တပ်နှင့် ဆက်နွယ်သော ကချင်ဒေသ မူးယစ်ဂိုဏ်းမှ ရဲများကို ရိုက်နက်

စစ်တပ်နှင့် ဆက်နွယ်သော ကချင်ဒေသ မူးယစ်ဂိုဏ်းမှ ရဲများကို ရိုက်နက်
by -
ကေအဲန်ဂျီ
စစ်တပ် တိုင်းမှူး အဆင့်ထိ ဆက်နွယ်ပြီး ကချင်ပြည်နယ် အင်းတော်ကြီး ဒေသအတွင်း ဒုတိယ အကြီးဆုံး မူးယစ် ဆေးဝါး ရောင်းဝယ်သူ ဟု နာမည်ထွက်နေသူ တစ်ဦးအား ဖမ်းဆီးခဲ့သည့် အစိုးရ ရဲတပ်ဖွဲ့များ ပြန်လည် ရိုက်နက်ခံရသည့်အဖြစ် စက်တင်ဘာ ၁၉ ရက်နေ့ ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

မူးယစ်ရောင်းဝယ်သူ ဦးအောင်ကျော်ဝင်း ကို ဘိန်းဖြူအလေးချိန် ၁၁၇ ဒသမ ၄၀၀၁ ဂရမ်၊ စိတ်ကြွဆေး ၂၉၈၅ လုံး၊ ငွေ ကျပ် ၁၇ သိန်းကျော် နှင့်အတူ ယမန်နေ့ မိုင်းနောင်ကျေးရွာတွင် မိုးညှင်းမြို့နယ်နှင့် နေပြည်တော် မူးယစ်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့များ ပူးပေါင်းပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၎င်း၏ သားဖြစ်သူ ကျော်သူဝင်း နှင့် ရွာသား ၂၀ ခန့် သည် ရဲတပ်ဖွဲ့ကို ပြန်လည် ရိုက်နက်ခဲ့သည်ဟု ကချင် ဒေသ လူထုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ Pat Jasan (PJS) ခေါင်းဆောင်များ ထံမှ သိရသည်။

ဒေသခံများ၏ အဆိုအရ ၎င်း မူးယစ်ရောင်းဝယ်သူအဖွဲ့သည် မြန်မာ့တပ်မတော်မှ အရာရှိအဆင့် ဗိုလ်ကြီးမှ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမူး အဆင့်အထိ ငွေကြေး လာဘ်ထိုးမှုများ ရှိကြောင်း သိရသည်။

၄င်းအဖွဲ့သည် ရဲတပ်ဖွဲ့ဝင်များကို ဆိုးဝါးစွာ ရိုက်နက်ခဲ့သည့်အပြင် သေနတ် နှင့် လက်ပစ်ဗုံး ၂ လုံး ကိုပါ ယူဆောင်သွား သည်ဟု ဒေသခံများ ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

ရိုက်နက်ခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်များကို လက်ရှိ မိုးညှင်း ဆေးရုံတွင် ကုသပေးနေကြောင်း သိရသည်။

မိုးကောင်းမြို့နယ်နှင့် ဖားကန့်မြို့နယ် အတွင်း စစ်တပ် ကျောထပ်နောက်ခံ ရှမ်းနီ ပြည်သူ့စစ်များမှ အဓိက မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများ ပြုလုပ်နေသည်ဟု ဒေသခံ PJS အဖွဲ့များ ဆိုပါသည်။

ထိုသို့ စစ်တပ်နှင့်ဆက်နွယ်နေသည့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူများအား ဖမ်းဆီးနိုင်ရန် ‘တာဝန်ရှိ ၀န်ထမ်းများကို ထိခိုက်နာကျင်စေမှု ပုဒ်မ နှင့် လက်နက်ပုဒ်မ’ တို့ဖြင့် စုံစမ်းနေကြောင်း သိရသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...