ရခိုင်ပြည်နယ် အမ်းမြို့တွင် လယ်သမား ၁၀၀၀ ခန့်က သူတို့၏ ပျက်စီးသွားသော လယ်မြေများ၊ ဥယျာဉ်ခြံမြေများအတွက် လျော်ကြေးပေးရန် ပျက်ကွက်သဖြင့် တရုတ်ရေနံကုမ္ပဏီ CNPC နှင့် မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE တို့ကို ယမန်နေ့ (မတ်လ ၂၂ ရက်နေ့)တွင် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
“ ကျွန်တော်တို့ တရုတ်ရေနံကုမ္ပဏီနဲ့ MOGE ကို အလိုမရှိတဲ့ အကြောင်းနဲ့ ပျက်စီး လယ်မြေတွေ၊ ဥယျာဉ်ခြံမြေတွေကို လျော်ကြေးဖို့ တောင်းဆိုပါတယ်။ ဒါ့ပြင် ထိခိုက် ပျက်စီးသွားတဲ့ လယ်မြေတွေကို နဂိုအတိုင်း ပြန်လည် ပြုပြင်ပေးဖို့ တောင်းဆို ဆန္ဒပြကြတာ ဖြစ်ပါတယ်” ဟု ဆန္ဒပြပွဲကို စီစဉ်သူများထဲမှ တစ်ဦးဖြစ်သူ ဦးဝင်းမြင့်က ပြောသည်။
ဆန္ဒဖော်ထုတ်သူ လယ်သမား ၁၀၀၀ ခန့်သည် အမ်းမြို့ မြေစာရင်းရုံးရှေ့တွင် စုရပ်လုပ်ပြီး ၎င်းနေရာမှ တစ်ဆင့် ရန်ကုန်- စစ်တွေ ကားလမ်းမအတိုင်း ပိုစတာ၊ ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး ဘဏ်၊ မြို့နယ် ထွေအုပ်ရုံး၊ ရဲစခန်းထိ ကြွေးကြော်သံများ ကြွေးကြော် ချီတက်ခဲ့ကြကြောင်း၊ ၎င်းမှ တစ်ဆင့် အမ်းမြို့သစ် အမှတ် (၃) ရပ်ကွက်ကို ဆက်လက် ချီတက်ကာ ၎င်းရပ်ကွက်ကို တစ်ပတ် ပတ်ပြီး လူစုခွဲလိုက်ကြသည်ဟု သိရသည်။
ဆန္ဒပြခဲ့ကြသည့် လယ်သမားများမှာ အမ်းမြို့နယ် အုပ်စု (၉) စု မှ ဖြစ်ကြပြီး ပါဝင်သော ကျေးရွာ အုပ်စုများမှာ ကျောက်မြောင်း အုပ်စု၊ နွားရုံတောင် အုပ်စု၊ တောင်ဖီလာ အုပ်စု၊ အမ်းတောင် အုပ်စု၊ မွှားအုပ်စု၊ တန်းတင် အုပ်စု၊ စခန်းမော်အုပ်စု၊ လုံးကောက် အုပ်စု၊ အောက်ရွာအုပ်စုမှ ဖြစ်ကြောင်း သိရသည်။
မွှားအုပ်စုမှ လယ်သမား တစ်ဦးဖြစ်သူ ဦးလှသိန်းက “ ဆန္ဒပြတဲ့ အထဲမှာ ကျွန်တော် ရွာက လူပေါင်း ၄၀ လောက်ပါဝင်ပါတယ်။ ဧက ဘယ်လောက်ကျွန်တော်တို့ရွာကနေ ပျက်စီး သွားတယ်ဆိုတာကို မသိဘူး။ ဥယျာဉ်တွေ၊ ရော်ဘာခြံ၊ သီဟိုခင်းတွေ၊ တစ်ချို့ဆိုရင် သုံးဧကပါသွားတယ်။ တစ်ချို့ဆိုရင် ၄ ဧက ပါသွားတယ်။ အဲသလိုမျိုးပါသွားပါတယ်။ လျော်ကြေး ဘာမှ မရတဲ့ အတွက် တရုတ် CNPCကိုရော MOGE ကိုပါ လာရောက် ဆန္ဒပြတာပါ” ဟု ပြောကြားသည်။
ယခုလို ဆန္ဒမပြခင်ကတည်း သူတို့၏ ပျက်စီး နစ်နာသွားသော လယ်မြေများ၊ ဥယျာဉ်ခြံမြေများ၊ စားကျက်မြေများအား လျော်ကြေးပေးရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြရာ သက်ဆိုင်ရာ အာဏာပိုင်များမှ ပျက်စီးသွားခဲ့သော မြေများကို ကွင်းဆင်း စစ်ဆေးမှုများရှိခဲ့ကြောင်း၊ ရခိုင်ပြည်နယ် အစိုးရမှလည်း လျော်ကြေးပေးရန် သဘောတူထားကြောင်း၊ သို့သော် CNPC နှင့် MOGE မှ တစ်စုံတစ်ရာ ဆောင်ရွက်ခြင်း မရှိ၍ ဆန္ဒပြရခြင်း ဖြစ်ကြောင်း ဦးလှသိန်းက ပြောဆိုသည်။
ကျေးရွာ အုပ်စု (၉) အုပ်စုမှ တောင်သူ လယ်သမား တစ်ထောင်ကျော် ဆန္ဒပြခြင်းနှင့် ပတ်သက်ပြီး အမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်အား နိရဥ္စရာ သတင်းဌာနက ဆက်သွယ်မေးမြန်းရာ သူက “ ဒီဆန္ဒဖော်ထုတ် တောင်းဆိုတာက တရုတ်ကုမ္ပဏီ CNPC နဲ့ MOGE ကို တောင်းဆိုတာ။ မြို့နယ် အုပ်ချုပ်ရေး ဌာနကို တောင်းဆိုတာ မဟုတ်သလို အစိုးရကို တောင်းဆိုတာလည်း မဟုတ်ဘူး။ ဒီကိစ္စတွေကို ကျွန်တော်တို့ အရင်ကလည်း အဆင့်ဆင့် တင်ပြပြီးပြီ။ ကျွန်တော်အနေနဲ့ အခု ဆန္ဒဖော်ထုတ်တာကိုလည်း အစီရင်ခံစာရေးပြီး အထက်ကို တင်ပြတာကလွဲပြီး ဘာမှ ဆောင်ရွက်စရာမရှိပါဘူး” ဟု ပြောကြားသည်။
အမ်းမြို့နယ် အတွင်း ရေနံနှင့် ဂတ်စ်ပိုက်လိုင်း ဖြတ်သန်း ဖေါက်လုပ်သဖြင့် ပျက်စီးသွားသော လယ်မြေများ အတွက် ပထမတစ်ကြိမ် လျော်ကြေးပေးထားပြီ ဖြစ်ကြောင်း၊ ယခု တောင်းဆိုသူများမှာ ပထမ တစ်ကြိမ် လျော်ကြေးပေးတုန်းက မရလိုက်သူများ ဖြစ်ကြောင်း၊ သူတို့အား လျော်ကြေး မပေးရာမှ ဆန္ဒဖော်ထုတ်ကြခြင်း ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
အမ်းမြို့နယ် အတွင်း လယ်မြေများ၊ ဥယျာဉ်ခြံမြေများမှာ ပိုက်လိုင်း ဖြတ်သန်းသွားသဖြင့် ပျက်စီးသွားသည်သာမက ပိုက်လိုင်းမြုပ်ရန် မြေများများတူးဖော်ရာမှ ရွံ့နွံများ စီးကျပြီး ပျက်စီးသွားသော လယ်မြေများ၊ ဥယျာဉ်ခြံမြေများ၊ ဘုံပိုင်ရွာမြေများလည်း ရှိကြောင်း သိရသည်။







