ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်လွှတ်တော်ကို ယနေ့အချိန်အထိ အလေးထားခြင်း မရှိသလို ပထမအကြိမ် လွှတ်တော်သက်တမ်းက ပြဌာန်းခဲ့သည့် ဥပဒေများ၊ နည်းဥပဒေများ အပေါ်တွင်လည်း ယနေ့အချိန်ထိ ပြဌာန်းနိုင်ခြင်းရှိသည်ကို မတွေ့ရသေးဘူးဟု ရခိုင်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးမြသန်းက ပြောသည်။
“ရခိုင်ပြည်နယ်လွှတ်တော်နဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဆက်ဆံရေး ဒီနေ့အထိ အခြေအနေကို သုံးသပ်ရမယ်ဆိုရင်တော့ ပြည်နယ် အစိုးရက လွှတ်တော်ကို အလေးထားတဲ့အနေအထားက သိပ်မတွေ့ရပါဘူး။ ဘာဖြစ်လို့လဲ ဆိုရင်တော့ တခြားတိုင်းနဲ့ ပြည်နယ် လွှတ်တော် အစည်း အဝေးမှာ ဝန်ကြီးချုပ်ဟာ လွှတ်တော်ကို လွှတ်တော် အစည်းအဝေးကျင်းပတဲ့ အချိန် ကာလမှာ နေ့စဉ်လိုလို အစည်းအဝေး တက်ရောက် ပါတယ်။ ဒီရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကတော့ ဒီလွှတ်တော် အစည်းအဝေးကျင်းပတဲ့အချိန်ကာလမှာ အလုပ်မအားတာနဲ့ အကြောင်းအမျိုးမျိုး ပြပြီးတော့မှ မတက်တာများပါတယ်။ ဒါ့အပြင် ဒီရခိုင်ပြည်နယ် အစိုးရအဖွဲ့ဟာ ပထမ အကြိမ်လွှတ်တော်သက်တမ်းက ပြဌာန်းခဲ့တဲ့ ဥပဒေ အပေါ်မှာလည်း တစ်ခုမှ မပြဌာန်းနိုင်ဘူး” ဟု ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးမြသန်းက ပြောသည်။
မတ်လ ၂၀ ရက်နေ့က ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယအကြိမ် သတ္တမပုံမှန် အစည်းအဝေး ပြီးဆုံးချိန်တွင် သတင်းထောက်များ မေးမြန်းစဉ် လွှတ်တော် ဒုဥက္ကဋ္ဌမှ ထိုသို့ ဝေဖန်ပြောဆိုသွားခြင်း ဖြစ်သည်။
လွှတ်တော်အစည်းအဝေးတွင် အောင်မြင်ထားသည့် အဆိုများရှိသလို မေးခွန်းများ အပေါ် ဂတိ ပေးထားမှုများရှိသော်လည်း ယနေ့အချိန်ထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု မရှိခြင်းသည် ရခိုင်ပြည်နယ်လွှတ်တော်၏ ဆုံးဖြတ်ချက်များ အပေါ် ပြည်နယ်အစိုးရ၏ အလေးထားဆောင်ရွက်မှု အားနည်းချက်များကြောင့် ဖြစ်သည်ဟု ဦးမြသန်းက ဆက်လက် ပြောကြားသည်။
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွ့ံဖြိုးတိုးတက်ရေး ကြိုးပမ်းရာတွင် ရခိုင်ပြည်နယ် အစိုးရနှင့် ရခိုင်ပြည်နယ်လွှတ်တော်တို့အကြား ယခုကဲ့သို့ ပူးပေါင်း ဆောင်ရွက်မှု အားနည်း နေမည်ဆိုပါက ဒေသဖွ့ံဖြိုးရေးအပါအဝင် အခြားကဏ္ဍများကိုပါ ထိခိုက်နိုင်သလို ပြည်သူများက အစိုးရအပေါ် ယုံကြည်မှု လျှော့နည်းလာနိုင်သည်ဟုလည်း ရခိုင်ပြည်သူများ အကြား သုံးသပ် ပြောဆိုမှုများလည်း ရှိနေသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိအစိုးရသက်တမ်းတစ်လျှောက်၌ လွှတ်တော်က ပြဌာန်းရန် အဆိုပြု ထားသည့် နည်းဥပဒေများကို ပြဌာန်းနိုင်ခြင်း မရှိသေးသလို တစ်ချို့ကျေးရွာကြီးများအား မြို့အဖြစ် သတ်မှတ်ဆောင်ရွက်ရန် လွှတ်တော်မှ အတည်ပြုထားပြီးဖြစ်သော်လည်း လက်ရှိတွင် ပြည်နယ် အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်မှုများမရှိခြင်း၊ အချို့သော ဒေသ ဖွ့ံဖြိုးရေး လုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်မှု နှေးကွေးနေခြင်းများလည်း ရှိနေကြောင်း လွှတ်တော် ဒုဥက္ကဋ္ဌ ဝေဖန် ပြောဆိုသည်။







