ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် လေယာဉ်ကွင်း တိုးချဲ့ရာတွင် ကာလ ပေါက်စျေး မပေးသဖြင့် အိမ်မဖယ်ပေးဘဲ နေထိုင်နေသည့် မိသားစု ၃ စု အပေါ် တရားစွဲဆိုထားခြင်းကို ရုပ်သိမ်းရန် မိသားစုဝင်များက မတ်လ ၂၀ ရက်နေ့တွင် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။
မိသားစုဝင် (၁၁) ဦးသည် မာန်အောင်မြို့ လွတ်လပ်ရေးကျောက်တိုင်ရှေ့ မြေကွက်လပ်တွင် စုရုံး ဟောပြောပြီး ရုံးတက်လမ်းအတိုင်းလမ်း အတိုင်း ချီတက်ပြီ တရားရုံးရှေ့နား အထိ သွားရောက်ကာ ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး ကြွေးကြော်သံများနှင့် အတူ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
မာန်အောင် စမုံတဲ လေဆိပ် တိုးချဲ့ရာတွင် လေယာဉ်ကွင်းနှင့် မလွတ်သော ဦးသာနီ၊ ဦးဖြူသီးခိုင်နှင့် ဦးတင်နု မိသားစု၏ သုံးစု၏ နေအိမ်များကို အာဏာပိုင်များမှ ပြောင်းရွှေ့ရန် အမိန့်ထုတ်ခဲ့ကြောင်း၊ သို့သော် အစိုးရမှ ပေးသော လျော်ကြေးမှာ လက်ရှိ ကာလ ပေါက်စျေးထက် အလွန်နည်းပါးသဖြင့် ၎င်း မိသားစုများမှ လက်မခံဘဲ လျော်ကြေးငွေ ပိုတောင်းပြီး နေအိမ်များအား ဖယ်မပေးသဖြင့် မာန်အောင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဦးစောရွှေမောင်မှ တရားစွဲဆိုခဲ့ကြောင်း သိရသည်။
တရားစွဲဆိုခံထားရသည့် ဦးဖြူသီးခိုင်က “ ကျွန်တော်အိမ်နဲ့ မြေက သိန်း ၆၀၀ ကျော်တန်ပါတယ်။ ဒါကို မြေဖိုး ၇ သိန်း၊ အိမ်ဖိုး သိန်း ၅၀ အဲသလောက်ဘဲ လျော်ကြေးပေးပါတယ်။ ဒီငွေနဲ့ မြေတစ်ကွက်တောင် မရပါ။ ဦးသာနီ အိမ်ဆိုရင်လည်း နှစ်ထပ်အိမ်၊ မြေနဲ့ပါဆိုရင် သိန်း ၁၀၀၀ လောက်တန်ပါတယ်။ ဒါကိုလည်း လျော်ကြေး နည်းနည်းဘဲ ပေးပါတယ်။ လျော်ကြေးငွေ ပိုမပေးရင် ဖယ်မပေးနိုင်လို့ ဆိုတဲ့ အတွက် ကျွန်တော်တို့ကို တရားစွဲဆိုထားပါတယ်။ ဒီလို တရားစွဲဆိုတာကို ရုပ်သိမ်းဖို့ ကျွန်တော်တို့ ဆန္ဒဖော်ထုတ် တောင်းဆိုတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
သူတို့အား တရားစွဲဆိုရာတွင် လယ်ယာမြေပေါ်တွင် အိမ်ဆောက်သည်ဟု ဆိုကာ တရားစွဲခြင်း ဖြစ်သဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄၃)နှင့် ကိုက်ညီမှု မရှိ၍ ဆန္ဒပြ တောင်းဆိုရခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်ပါဝင်သူ မာန်အောင်ဒေသခံ ကိုသိန်းစိုးဝင်းက ပြောသည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း၁၅ဝခန့် ဘိုးစဉ်ဘောင်ဆက်ကပင် နေထိုင်လာခဲ့တဲ့ ဒီမြေကို လယ်ယာမြေမှာ အိမ်ဆောက်နေတယ်ဆိုပြီး မတရား စွပ်စွဲပြီး တရားစွဲဆိုထားပါတယ်။ ဒါဟာ တရားမျှတမှု မရှိတဲ့ တဲ့ အတွက် အမှုကို ရုပ်သိမ်းဖို့ ဆန္ဒပြတောင်းဆိုရတာပါ”ဟု ကိုသိန်းစိုးဝင်းက နိရဥ္စရာသိုပြောကြားသည်။
ဆန္ဒပြသူများသည် လွန်ခဲ့သောနှစ်ပေါင်း(၁၅၀)ခန့်က ဆောက်လုပ်ထားသည့် အဆောက်အဦးကို ၂၀၁၂ ခုနှစ်ပြဋ္ဌါန်းသည့် လယ်ယာမြေဥပဒေပုဒ်မ (၃၅) အရ မာန်အောင်မြိို့နယ် လယ်ယာမြေ စီမံခန့်ခွဲမူအဖွဲ့မှ ဦးဖြူသီးခိုင်နှင့် ဦးတာနီ တိုကို တရာစွဲထားမူ အမြန်ရုပ်သိမ်းပေးရေး ဒို့အရေး၊ မာန်အောင်မြို့နယ်တရားရုံးမှ ပြစ်မူ ထင်ရှား စီရင်မူမပြု အမြန်လွတ်ပေးရေး ဒို့ရေး စသည့် အချက်များ အပါအဝင် အချက် (၄)ချက်ကို တောင်းဆိုဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
မိသားစု သုံးစုတွင် ပါဝင်သည့် ဦးတင်နုမိသားစုသည် ဖမ်းဆီး ထောင်ချခံရမည်ကို စိုးရိမ်ကာ လျော်ကြေးငွေများကို လက်ခံကာ အိမ်ဖြိုပေးရန် သဘောတူလိုက်သည်ဟု သိရသည်။
ဆန္ဒပြပွဲတွင် မိနစ်သုံးဆယ်ခန့် ဟောပြောမှုများ ပြုလုပ်ပြီး ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲမှ ၁နာရီထိ လမ်းလျှောက်ချီတက်ကာ ဆန္ဒဖော်ထုတ်ပွဲကို ရုပ်သိမ်းလိုက်သည်ဟု သိရသည်။







