ရသေ့တောင်မြို့၌ ဟောပြောချက်နှင့် မြောက်ဦးဖြစ်စဉ်မှာ ဆက်စပ်မှုမရှိကြောင်း ဒေါက်တာအေးမောင်ပြော

ရသေ့တောင်မြို့၌ ဟောပြောချက်နှင့် မြောက်ဦးဖြစ်စဉ်မှာ ဆက်စပ်မှုမရှိကြောင်း ဒေါက်တာအေးမောင်ပြော
by -
စံမောင်သန်း

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ဇန်နဝါရီလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သော၂၃၃ နှစ်မြောက် ရခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်း အောက်မေ့ဖွယ် အခမ်းအနား၌ ဟောပြောချက်နှင့် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြောက်ဦးဖြစ်စဉ်သည် မည်သို့မှ ဆက်စပ်မှု မရှိကြောင်း ပုဒ်မ ၃ ခုတပ်၍ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ဒေါက်တာအေးမောင်က ပြောသည်။

မတ်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်က ရခိုင်ပြည်နယ် စစ်တွေမြို့ ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးသို့ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ၆ ကြိမ်မြောက် ရုံးထုတ်လာစဉ် ဒေါက်တာအေးမောင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြောက်ဦးပဋိပက္ခနဲ့ ကျနော် လုံးဝပတ်သက်မှုမရှိဘူး။ ကျွန်တော်တို့ဟာ ရသေ့တောင်မှာ ဖြစ်တာ။ မိုင်ပေါင်း ဆယ်ကျော်ဝေးတဲ့နေရာမှာ ဖိတ်ကြားထားလို့ ကျနော်တို့က သွားပြီး တရားဟောခဲ့တာ။ အဲ့ဒီလိုမျိုးဟောခဲ့တာ ၄ နှစ် ၅ နှစ်လောက်ရှိပြီ။ ဒါက သမိုင်းအရ ပြောနေတဲ့အခါကျတော့ ဒါကိုအားလုံးက သဘောပေါက်ဖို့လိုတယ်”ဟု ဒေါက်တာအေးမောင်က သတင်းထောက်များကို ပြောသည်။

နေပြည်တော်၌ သတင်းစာရှင်းလင်းပွဲတွင် ဦးညီပု၏ ပြောကြားချက်ထဲတွင် ပါဝင်သည့် စကားလုံး များသည် ဒေါက်တာအေးမောင် ပြောခဲ့သည့် စကားလုံးများ မဟုတ်ကြောင်း၊ ယင်းဦးညီပု၏ ပြောကြားချက်နှင့် ပတ်သက်၍ ဇန်နဝါရီလ ၁၈ ရက်နေ့ထုတ် သတင်းစာပါ အချက်အလက် များသည် ပြင်ဆင်ထားသည့် စကားလုံးများသာဖြစ်သည်ဟုဆိုသည်။

ယင်းအပြင် တရားလိုများက စွပ်စွဲထားသည့် အမှု ၃ ခုတွင် မည်သည့်အမှုကိုမှ ကျူးလွန်ခဲ့ခြင်း မရှိကြောင်း၊ ၁၉၇၃ ခုနှစ် စကားရပ်များ အဓိပ္ပာယ်ဖွင့်ဆိုမှု အက်ဥပဒေပုဒ်မ ၂၂ အရဆိုလျှင် ဖြစ်ရပ်တစ်ခုအတွက် အမှု ၃ ခုဖြင့် စွဲခြင်းသည် ဥပဒေနှင့် လွဲချော်နေသည်ကို တင်ပြရန်ရှိသည်ဟု ဆိုသည်။

“ကျွန်တော်တို့ အခုဆိုရင် တရားလိုတွေရဲ့ စွပ်စွဲချက်တွေ အားလုံးဟာ သက်သေခံ ဥပဒေနဲ့ ကင်းကွာနေကြတာရှိတယ်။ အမှု မမြောက်နိုင်ဘူးဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိကြတာပေါ့ဗျာ”ဟု ဒေါက်တာအေးမောင်က ပြောကြားသွားခဲ့သည်။

အဆိုပါ အခြေအနေများကို နိုင်ငံတော် အစိုးရသို့ တင်ပြသွားမည်ဖြစ်ပြီး၊ နိုင်ငံတော်လူကြီးများ အနေဖြင့်လည်း အမျိုးသားရင်ကြားစေ့ရေးကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပြီး၊ ရခိုင်ပြည်နယ်၌ ရခိုင်လူမျိုးများသည် မည်သူ့ကို အားကိုရကောင်းမှန်းမသိ ဖြစ်နေသည်ဟု ဆိုသည်။

“တည်ငြိမ်အေးချမ်းတဲ့ ရခိုင်ပြည်နယ်ဖြစ်ဖို့အတွက် ပြည်နယ်အစိုးရမှာ တာဝန်ရှိသလို ပြည်သူ တွေမှာလည်း တာဝန်ရှိတယ်”ဟု ၄င်းကပြောသည်။

မတ်လ ၁၉ ရက်နေန့က ရုံးထုတ်ရာတွင် ဒေါက်တာအေးမောင်အား မီဒီယာများသို့ လွတ်လွတ်လပ်လပ် ပြောခွင့် မပြုဘဲ လုံခြုံရေးယူထားသူများက ဆွဲခေါ်သည့် ကိစ္စနှင့်ပတ်သက်၍ လုံခြုံရေးယူထားသူများနှင့် ပြည်သူများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့၌ ပြုလုပ်ခဲ့သည့် ၂၃၃ နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် အခမ်းအနား၌ ဟောပြောခဲ့မှုဖြင့် နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) (ဂ)၊ မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇ (၁) တို့ဖြင့် တရားစွဲဆိုထားပြီး မတ်လ ၁၉ ရက်နေ့က ရုံးထုတ်ရာတွင် နိုင်ငံတော်ပုန်ကန်မှုနှင့် နိုင်ငံတော်အကြည်အညို ပျက်စေမှုနှင့်ပတ်သက်၍ ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးတွင် ကြားနာစစ်ဆေးသည်ဟု သိရှိရသည်။

Most read this week

May 18, 2024
ဘူးသီးတောင်အခြေစိုက်တပ်ရင်းအများပြားကို အာရက္ခတပ်တော် (AA) က ယမန်နေ့ (မေ ၁၇) ရက် ညက ထိုးစစ်ဆင်...
May 17, 2024
ရခိုင်ပြည်၊ မောင်တောမြို့၊ ကညင်းချောင်းစီးပွားရေးဇုန်အနီးရှိ လဘော်ဇားကျေးရွာ၌ မေလ ၁၅ ရက်...
May 16, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ဘုန်းတော်ကြီးကျောင်းများကို စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးပြီး...
May 16, 2024
မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ ကူမင်းမြို့တွင်...