မတ်လ ၁၃ ရက်နေ့ကကျင်းပသည့် ရခိုင်ပြည်နယ် လွှတ်တော်က ယခင်ဖွဲ့စည်းထားသည့် “ မြောက်ဦးဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့” အမည်မှ စစ်ဆေးရေးဆိုသည့် စကားရပ်ကို ပယ်နုတ်ပြီး “ မြောက်ဦးဖြစ်စဉ် စုံစမ်း လေ့လာရေးအဖွဲ့” အမည်ဖြင့် ပြန်လည် ဖွဲ့စည်းလိုက်သည်ဟု သတင်းရရှိသည်။
ရခိုင်ပြည်နယ် အစိုးရမှ ပြည်နယ် လွှတ်တော်က ဖွဲ့စည်းထားသည့် မြောက်ဦးဖြစ်စဉ် စုံစမ်း စစ်ဆေးရေးအဖွဲ့မှာ ဥပဒေနှင့် ကိုက်ညီမှု မရှိဟုဆိုကာ ကန့်ကွက်ရာမှ ရခိုင်ပြည်နယ် လွှတ်တော်က ထိုသို့ စစ်ဆေးရေး စကားရပ်ကို ပယ်ထုတ်ကာ “ မြောက်ဦးဖြစ်စဉ် စုံစမ်း လေ့လာရေးအဖွဲ့” အမည်ဖြင့် ပြန်လည်ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြောက်ဦးဖြစ်စဉ်တွင် ရဲက လူအုပ်ကို ဖြိုခွင်း ပစ်ခတ်ခဲ့သဖြင့် ၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့သသည်။ ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ အမှန်တရားကို စုံစမ်းဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ ၁/၂ဝ၁၈ ဖွဲ့စည်းမျဉ်းအရ ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေးတွင်ဖွဲ့စည်းခဲ့သည့် မြောက်ဦးဖြစ်စဉ် စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
၎င်းနောက်ပိုင်း ရခိုင်ပြည်နယ် အစိုးရမှ စစ်ဆေးရမည့် အလုပ်မှာ အစိုးရ၏ တာဝန်သာ ဖြစ်ပြီး လွှတ်တော်တွင် တာဝန်မရှိဟု ဆိုကာ ကန့်ကွက်ခဲ့ပြီး ဌာနဆိုင်ရာများသို့ လွှတ်တော် ကော်မတီနှင့် မပူးပေါင်း မဆောင်ရွက်ရန် ညွှန်ကြားစာ ထုတ်ပြန်ခဲ့သည်။
သို့အတွက် ရခိုင်ပြည်နယ် လွှတ်တော်က ဖွဲ့စည်းပေးထားသည့် မြောက်ဦးဖြစ်စဉ် စုံစမ်း စစ်ဆေးရေးအဖွဲ့သည် လုပ်ငန်းများကို စတင်နိုင်ခြင်းမရှိဘဲ ရပ်နားထားခဲ့ရသည်။
“ကျနော်တို့အားနည်းချက် အားသာချက်တွေကို လေ့လာကြည့်တော့ စစ်ဆေးတယ်ဆိုတာဟာ အစိုးရအလုပ်ပါ။ ကျနော်တို့ လွှတ်တော်က လေ့လာစုံစမ်းလိုပဲရပါတယ်။ စစ်ဆေးတယ်ဆိုတဲ့ စကားလုံး တစ်လုံး မှားနေတဲ့အတွက်ကြောင့် ကျနော်တို့ တိုက်ရိုက်ကွင်းဆင်းလေ့လာမယ့် အချိန်ကိုနောက်ဆုတ်ထားပါတယ်။ အခုနေပြီးတော့ ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ် သတ္တမပုံမှန်အစည်းအဝေးမှာ စုံးစမ်း စစ်ဆေးရေးအစား စုံစမ်းလေ့လာရေးကို အစားထိုး လိုက်တဲ့အ တွက်ကြောင့် ကျနော်တို့ လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်တွေ အားလုံးရသွားပြီဖြစ်ပါတယ် ” ဟု မြောက်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှွွတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က နိရဥ္စရာသတင်းဌာနကို ပြောသည်။
မြောက်ဦးဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့အား ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ကျင်းပခဲ့သည့် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ဟု ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၃ ရက်နေ့ လွှတ််တော် အစည်းအဝေးတွင် စစ်ဆေးရေး စကားရပ်ကို ပယ်ထုတ်ပြီး “ မြောက်ဦး ဖြစ်စဉ် စုံစမ်း လေ့လာရေးအဖွဲ့” အမည်ဖြင့် ပြန်လည် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်







