ရမ်းဗြဲလေးတောင်တိုက်နယ်မှ သရက်ချိုစံပြကျေးရွာကို မြို့အဖြစ်တိုးမြှင့်ရန် ရခိုင်လွှတ်တော် အတည်ပြု

ရမ်းဗြဲလေးတောင်တိုက်နယ်မှ သရက်ချိုစံပြကျေးရွာကို မြို့အဖြစ်တိုးမြှင့်ရန် ရခိုင်လွှတ်တော် အတည်ပြု

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်မှ သရက်ချို စံပြကျေးရွာကို မြို့အဖြစ်တိုးမြှင့်ရန် ရခိုင်ပြည်နယ် လွှတ်တော်မှ မတ်လ ၁၂ ရက်နေ့က ကန့်ကွက်သူမရှိ အတည်ပြုလိုက်သည်ဟု သတင်းရရှိသည်။

လေးတောင်တိုက်နယ်အား မြို့အဖြစ် တိုးမြှင့်ရန် အဆိုတင်သွင်းသူ ရမ်းဗြဲမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက “ မတ်လ ၁၂ ရက်နေ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ လေးတောင်တိုက်နယ်က သရက်ချိုကျေးရွာကို မြို့အဖြစ် တိုးမြှင့်မှာကို ကန့်ကွက်သူ မရှိ အတည်ပြုလိုက်ပါတယ်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကလည်း လက်ခံပါတယ်။ ပြည်ထောင်စု အစိုးရကို တင်ပြသွားမယ်လို့လည်း သိရှိရပါတယ်” ဟု ပြောကြားသည်။

အစပိုင်းတွင် လေးတောင်တိုက်နယ်အား မြို့အဖြစ်တိုးမြှင့်ရန် အဆိုကို တင်သွင်းခဲ့သော်လည်း လေးတောင်တိုက်နယ်မှာ ကျေးရွာ ၁၆ ရွာခန့်ကို စုပေါင်းထားသည့် နယ်ကြီး တစ်နယ်ဖြစ်သဖြင့် ကျေးရွာ တစ်ခုခုကို မြို့အဖြစ် တိုးမြှင့်ရန် အကြံပြုသဖြင့် လေးတောင်တိုက်နယ်မှ ဒေသခံ ခေါင်းဆောင်များနှင့် ညှိနိုင်းပြီး သရက်ချို စံပြကျေးရွာကို မြို့အဖြစ် တိုးမြှင့်ရန် တင်ပြတောင်းဆိုခဲ့သည်ဟု ဦးသန်းမောင်ဦးက ပြောကြားသည်။

ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ် သရက်ချိုစံပြကျေးရွာအား မြို့အဖြစ် တိုးမြှင့် သတ်မှတ် ပေးရန် ဦးသန်းမောင်ဦး၏ အဆိုအား သံတွဲအမတ် ဦးဝင်းနိုင်နှင့် ကျောက်ဖြူအမတ် ဦးဖိုးစံတို့မှ ထောက်ခံ ဆွေးနွေးပြီး ရခိုင်ပြည်နယ်လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။

“ အဓိက လေးတောင်တိုက်နယ်ဆိုတာက တစ်ရွာနဲ့ တစ်ရွာ နီးနီးလေး ကပ်ပြီး တည်ရှိတယ်။ လေးတောင် တိုက်နယ်က သရက်ချိုစံပြကျေးရွာ မြို့အဖြစ် တိုးမြှင့် ခံရရင် လေးတောင်တိုက်နယ် တစ်ခုလုံး ဖွံ့ဖြိုး တိုးတက်လာမယ်။ စည်ပင်လာမယ်။ ဒီအတွက် လေးတောင်တိုက်နယ်က လူကြီးတွေနဲ့ ဆွေးနွေး တိုင်ပင်ပြီး မြို့အဖြစ် တိုးမြှင့်ဖို့ အဆိုတင်ခဲ့ရတာ ဖြစ်ပါတယ်” ဟု ရမ်းဗြဲလွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက ပြောဆိုသည်။

သရက်ချို ကျေးရွာတွင် စျေး၊ တိုက်နယ်ဆေးရုံ၊ ရဲစခန်းတို့ တည်ရှိပြီး အနီးအနားရှိ ဇရပ်ပြင်နှင့် ကျောက်တွေတွင် အထက်တန်းကျောင်းများ တည်ရှိကြောင်း၊ လေးတောင်တိုက်နယ်တွင် လူပေါင်း တစ်သောင်းကျော်နေထိုင်နေကြောင်း၊ သို့အတွက် မြို့အဖြစ် တိုးမြှင့်ရန် သင့်တော်ကြောင်း သူက ပြောသည်။

လေးတောင်တိုက်နယ် ဒေသခံ တစ်ဦးဖြစ်သူ ဦးသန်းဝင်းအား သရက်ချိုစံပြကျေးရွာအား မြို့အဖြစ် တိုးမြှင့်လိုက်သည့် အပေါ် မည်သို့ သဘောထားရှိပါသလဲဟု နိရဥ္စရာ သတင်းဌာနက ဆက်သွယ် မေးမြန်းရာ သူက သရက်ချိုအား မြို့အဖြစ် တိုးမြှင့် လိုက်ခြင်း အပေါ် ဝမ်းသာမိကြောင်း ပြောဆိုသည်။

“ လေးတောင် သရက်ချိုကို မြို့အဖြစ် တိုးမြှင့်လိုက်တဲ့ အပေါ် ဝမ်းသာကြိုဆိုပါတယ်။ ဒါပေမယ့် ဆိုင်းဘုတ်ကလေး တစ်ခုတပ်ပြီး အမည်ခံမြို့မျိုးတော့ မဖြစ်စေချင်ဘူး။ အခု ကျောက်ဖြူမြို့နယ် စနဲကိုလည်း မြို့အဖြစ် တိုးမြှင့်လိုက်တယ်လို့ ဆိုင်းဘုတ်တစ်ခု တပ်လိုက်တယ်။ တိုက်နယ်ဆေးရုံကလည်း ဒီအတိုင်းဘဲ။ ဘာထူးခြားပြောင်းလဲတာ မရှိပါဘူး။ မြို့အဖြစ် တိုးမြှင့်တယ်ဆိုရင် မြို့အင်္ဂါရပ်နဲ့ ညီအောင် အစိုးရက လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်”ဟု ပြောကြားသည်။

April 24, 2024
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း အမှတ်(၁)နယ်ခြားစောင့်ကွပ်ကဲရေးမှူးရုံး အခြေစိုက်ရာ...
April 24, 2024
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင်ပိတ်မိနေသည့် အပြစ်မဲ့ပြည်သူများကို လူမျိုးဘာသာမခွဲခြားဘဲ...
April 23, 2024
စစ်‌အာဏာသိမ်းပြီးနောက်  ရခိုင်ပြည်၊ အမ်း- ရိုးမရှိ တောင်စောက် ရေနံနှင့် သဘာ၀ဓာတ်ငွေ့...
April 23, 2024
အာရက္ခတပ်တော်( AA)၏ ခေါင်းဆောင်ပိုင်းမှ တာဝန်ရှိသူများ လူမျိုးရေး ဘာသာရေး ခွဲခြားသူများ မဟုတ်ဘဲ...