စစ်တွေမြို့တွင် ဗုံးပေါက်ကွဲမှု သံသယဖြင့် ဖမ်းဆီးခံထားရသူ ၉ ဦးထဲမှ ၇ ဦးကို စစ်တွေမြို့နယ် တရားရုံးတွင် နောက်ထပ် ရမန် ၂ ပတ် ထပ်ယူခဲ့သည်ဟု သိရသည်။
မတ်လ ၁၂ ရက်နေ့ မွန်လွဲ ၂ နာရီ ၄၀ မိနစ်အချိန်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တရားရုံး၌ ရုံးထုတ်ပြီး ချုပ်ရမန် ထပ်မံ ၂ ပတ်ယူခဲ့သည်ဟု သိရသည်။
စစ်တွေဗုံးပေါက်ကွဲမှု သံသယဖြင့် စစ်တွေမြို့မစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၉ ဦးရှိပြီး ၄င်းတို့မှာ စစ်တွေ ဓညဝတီရပ်ကွက်မှ ဦးနိုင်စိုး၊ လမ်းသစ်ရပ်ကွက်မှ ဦးသန်းရွှေ ၊ ဦးရွှေထွန်းအောင်၊ ဦးကျော်မြင့်ရွှေနှင့် မောင်မြင့်ရွှေ၊ ကန်တော်ကြီးရပ်ကွက်မှ ဦးအေးဝင်း၊ ဦးမောင်ဦးမြင့်၊ မောင်သက်ပိုင်စိုးနှင့် ဆတ်ရိုးကျရပ်ကွက်မှ ဦးမောင်မြင့်ကြည် တို့ ဖြစ်ကြသည်။
ယမန်နေ့ချုပ်ရမန်ယူရာတွင် ၇ ဦးကိုသာ ရုံးထုတ်ခဲ့ပြီး၊ မောင်မြင့်ရွှေနှင့် နောက်တစ်ဦးကို ရုံးမထုတ်ခဲ့ဟု သိရသည်။
ဦးနိုင်စိုးတို့ကို ရုံးထုတ်စဉ် သူ၏ ဇနီး၊ မိခင်၊ ညီ၊ ညီမနှင့် ဆွေမျိုးများ၊ တစ်ခြား ဖမ်းဆီးစစ်ဆေး ခံနေရသူများ၏ မိသားစုဝင်များနှင့် ဆွေမျိုးများလည်း တရားရုံးသို့ လာရောက်ခဲ့ကြသည်။
ANC ဗဟိုဦးဆောင်ကော်မတီဝင် ဦးနိုင်စိုးက “ကျနော်ပြောချင်တာတစ်ခုကတော့ ကျနော်တို့ကို အခု စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်ထားတယ်။ ဒါနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ တရားဥပဒေ ဖြစ်ရမယ်။ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို အမှန်တရားဖြစ်စေချင်တယ်။ နိုင်ငံတော်မှာ တရားဥပဒေစိုးမိုးရေးဆိုတာ ရှိကိုရှိရမယ်၊ ပြည်သူတွေကို ကာကွယ်တဲ့ ဥပဒေဖြစ်ရမယ်၊ ဒါကို အနူးအညွတ် တောင်းဆိုချင်တယ်။ နိုင်ငံတော် အကြီးအကဲတွေကိုလည်း ပြောချင်ပါတယ်”ဟု ပြောသည်။
ဦးနိုင်စိုး၏ဇနီး ဒေါ်ခင်ခင်ဝင်းက “သက်သေတွေလည်း မရှိဘဲနဲ့ မတရားဖမ်းထားတယ်လို့ မြင်ပါတယ်။ အပြစ်မရှိတဲ့ လူတစ်ယောက်ကို အခုထက်ထိ ဖမ်းဆီးထားတာဟာ လုံးဝ မတရားဘူးလို့ မြင်ပါတယ်။ အကိုက နေမကောင်းပါ၊ အသဲရောင် အသားဝါဖြစ်နေပါတယ်။ အခုတောင် မျက်စိတွေ ၀ါနေတာကို တွေ့လိုက်ရတယ်။ နေမကောင်းတဲ့လူကို အခုလို စစ်ဆေးနေလို့ ဘယ်ရမလဲ၊ သူ့ကို လွှတ်ပေးရမှာပါ”ဟု ပြောသည်။
စစ်တွေဗုံးကွဲမှု သံသယဖြင့် ဦးနိုင်စိုးနှင့် အခြားသူများကို အထောက်အထား တစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီးထားမှုသည် လုံးဝ မတရားဖမ်းဆီးမှုဖြစ်သည်ဟု ဦးနိုင်စိုး၏ မိခင်က ပြောသည်။
“အခုလို ဖမ်းဆီးတာကို လုံးဝမတရားလို့ မြင်ပါတယ်။ ကိုယ့်ထမင်းကိုကိုယ် အေးအေးချမ်းချမ်း ရှာစားနေသူတစ်ဦးပါ။ နေမကောင်းလည်း ဖြစ်နေပါတယ်။ ထမင်းစားဖို့ လုပ်နေတုန်းမှာ ခေါ်ယူသွားတာပါ။ သူ့မှာ အပြစ်မရှိပါဘူး။ အခုလိုဖမ်းဆီးမှုမှာ ကျမသားတစ်ယောက်တည်း မဟုတ်ဘူး၊ ကျန်တဲ့လူတွေကိုလည်း မတရားဖမ်းထားတယ်လို့ မြင်ပါတယ်။ လုပ်တဲ့လူက တစ်တိုင်၊ ခံရတဲ့ လူတွေကတော့ တစ်တိုင်၊ လုပ်တဲ့ လူတွေကတော့ ရှိတော့မှာ မဟုတ်ဘူး။ အခုလောက်ဆိုရင် ထွက်ပြေးသွားကြပြီထင်တယ်”ဟု ဦးနိုင်စိုး၏ မိခင် ဒေါ်ခင်မာဦးက ပြောသည်။
ဦးနိုင်စိုးကို ဖောက်ခွဲရေးအမှုဖြင့် စွပ်စွဲထားကာ စစ်တွေမြို့မရဲစခန်းတွင် ချုပ်နှောင်ထားပြီး၊ နေမကောင်းဖြစ်နေသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုကို လိုချင်သည်၊ အထက် လူကြီးများကိုလည်း တောင်းဆိုချင်သည်ဟု ဦးနိုင်စိုး မိခင်က ပြောသည်။
ချုပ်ရမန်ယူရာတွင် မြို့နယ်တရားရုံးမှ နောက်ထပ် နှစ်ပတ်ခွင့်ပြုလိုက်သော်လည်း ထိုရက်ပိုင်းအတွင်း တရားရုံးတွင် စွဲချက်တစ်စုံတရာ မတင်နိုင်ပါက ပြန်လွှတ်ပေးရမည်ဟု ဥပဒေကို နားလည်သူများထံမှ လေ့လာသိရှိရသည်။
စစ်တွေမြို့တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက်က ပြည်နယ်တရားလွှတ်တော်ရုံးအနီး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ခြံဝင်း နှင့် ပြည်နယ်ဆည်မြောင်းရုံးအနီးတွင် ဆက်တိုက် ဗုံး ၃ လုံးပေါက်ကွဲခဲ့ပြီး လူနှစ်ဦးဒဏ်ရာ ရရှိကာ နောက်ထပ် မပေါက်ကွဲသေးသော ဗုံး ၃ လုံးကိုလည်း ပြည်နယ် ဆည်မြောင်းရုံးအနီးတွင် တွေ့ရှိခဲ့သည်ဟု သိရှိရသည်။







