နိုင်ငံတော်ပုန်ကုန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုခံထားရသည့် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ရခိုင်ပြည်နယ် စစ်တွေမြို့ ခရိုင်နှင့် မြို့နယ်တရားရုံးတွင် မတ်လ ၇ ရက်နေ့က စတုတ္ထအကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့သည်။
ယင်းသို့ ရုံးထုတ်ရာတွင် ၁၇ (၁) ပုဒ်မနှင့်ပတ်သက်သည့် အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သူ ရသေ့တောင် မြို့စခန်းမှူး ဒုရဲမှူး ကျော်နုကို အပြန်အလှန် စစ်မေးခြင်းပြုလုပ်ခဲ့သည်ဟု သိရသည်။
“ဒီနေ့ ၁၇ (၁) ပေါ့နော်၊ မတရားအသင်းအမှုအတွက် ရသေ့တောင် စခန်းမှူး ဒုရဲမှူး ဦးကျော်နုကို ပြန်လှန် စစ်မေးခြင်းလုပ်တယ်။ ပြီးခဲ့တဲ့အပတ်က ဒေါက်တာအေးမောင်ရဲ့ ရှေ့နေ အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ ကျနော် မေးထားတဲ့ မေးခွန်း တစိတ်တဒေသရှိတယ်။ မေးခွန်းကျန်တာကို ဆက်မေးတယ်။ မေးပြီးလို့ ရှိရင် စာရေးဆရာဝေဟင်အောင်ရဲ့ ရှေ့နေ ဒေါ်အေးနုစိန်က ပြန်လှန် စစ်မေးခြင်းလုပ်တယ်”ဟု ဒေါက်တာအေးမောင် အမှုအတွက် လိုက်ပါလုပ်ဆောင်နေသည့် ရှေ့နေဦးအောင်ကျော်စိန်က သတင်းထောက်များကို ပြောသည်။
သူက ဆက်လက်၍ “ဒီနေ့စစ်ဆေးတာ တစ်မှုတည်းပဲ။ ပုံမှန်အားဖြင့်ဆိုရင်တော့ ၃ မှု စစ်တယ် ပြောရတာပေါ့။ ဘာကြောင့်လည်းဆိုတော့ နိုင်ငံတော် ပုံကန်မှုမှာ ဦးမောင်ဘသန်း ထွက်ပြေး တိမ်းရှောင်နေတယ် ဆိုတဲ့ဟာကို အတည်ပြုတဲ့ ရဲအုပ်သိန်းရွှေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ယောက်ကို ဆက်လက် စစ်ဆေးပါတယ်”ဟု ပြောသည်။
အမှု ၃ ခုအတွက် သက်သေ ၂၀ ခန့်ရှိပြီး သက်သေထွက်ချက်ကို အခြေခံပြီး စွဲချက်တင်သင့် မတင်သင့် ပေါ်လာပြီးမှ စွဲချက်တင်လျှင်လည်း မည်သည့်ပုဒ်မနှင့် ငြိစွန်းသည်ကို သိရှိရမည်ဟု ဆိုသည်။
စာပေဟောပြောမှုကြောင့် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ မတရား အသင်းဆက်သွယ်မူ ပုဒ်မ ၁၇(၁) တို့ဖြင့် တရားစွဲဆိုသည်မှာ အထူး အံ့သြစရာကောင်းသည်ဟု စာရေးဆရာ ဝေဟင်အောင်က ပြောသည်။
“စာပေဟောပြောပွဲတစ်ခုမှာ ဟောပြောတဲ့အပေါ်မှာ မူတည်ပြီး နိုင်ငံတော်ပုံကန်မှု၊ နိုင်ငံတော် အသရေပျက်စေမှုနဲ့ မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီးတော့ စွဲချက်တင်တယ်။ ကျွန်တော်တို့ ခေတ်မှာမို့လို့ ကံကောင်းလို့ ကြုံရတာ၊ ဒါဒီမိုကရေစီအစိုးရ အရမ်းအံ့သြဖို့လည်း ကောင်းတယ်နော်”ဟု စာရေးဆရာဝေဟင်အောင်က တရားရုံးမှ ထွက်လာစဉ် သတင်းထောက် များကို ပြောကြားခဲ့သည်။
ရုံးထုတ်လာစဉ် တရားရုံးအတွင်း၌ ယူနီဖောင်းဝတ်ရဲများအပြင် အရပ်ဝတ်ရဲများကလည်း လုံခြုံရေးယူထားသည်ကို တွေ့ရှိရသည်။
နောက်ထပ်ရုံးချိန်းကို မတ်လ ၁၄ ရက်နေ့ကို သတ်မှတ်လိုက်ပြီး နိုင်ငံတော်ပုန်ကန်မှုကို နံနက်ပိုင်းတွင် ခရိုင်တရားရုံး၌ ကြားနာစစ်ဆေးမည်ဖြစ်ပြီး ကျန်အမှုနှစ်ခုကို ညနေပိုင်းတွင် မြို့နယ်တရားရုံး၌ စစ်ဆေးသွားမည်ဖြစ်ကာ မှတ်တမ်းခွေများကို ယင်းနေ့တွင် နားထောင်မှု ပြုလုပ်သွားမည်ဟု သိရှိရသည်။
ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့၌ ပြုလုပ်ခဲ့သည့် ၂၃၃ နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် အခမ်းအနား၌ ဟောပြောခဲ့မှုဖြင့် ပုဒ်မ ၃ ခုတပ်၍ စစ်တွေထောင်၌ ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်။







