ငပလီကမ်းခြေတွင် ဒုတိယအကြိမ်မြောက် သဲပုံစေတီပွဲ ကျင်းပပြုလုပ်မည်

ငပလီကမ်းခြေတွင် ဒုတိယအကြိမ်မြောက် သဲပုံစေတီပွဲ ကျင်းပပြုလုပ်မည်
by -
စံမောင်သန်း
Photo: သံတွဲငပလီကမ်းခြေမှ သျှစ်သောင်းမြောက်ပွဲခေါ် သဲပုံစေတီပွဲ
Photo: သံတွဲငပလီကမ်းခြေမှ သျှစ်သောင်းမြောက်ပွဲခေါ် သဲပုံစေတီပွဲ

ရခိုင်ပြည်နယ်၊ သံတွဲ ငပလီကမ်းခြေ၌ ၂၀၁၈ ခု နှစ် မတ်လ ၁ ရက်နေ့တွင် ကျရောက်သော တပေါင်းလပြည့်နေ့တွင် ဒုတိယအကြိမ်မြောက် သျှစ်သောင်းမြှောက်ပွဲ (သဲပုံစေတီပွဲ) ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သတင်းရရှိသည်။

“ရခိုင်ရိုးရာယဉ်မှုကို ဆက်လက်ထိန်းသမ်းမယ်၊ ဖော်ထုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်”ဟု ပွဲဖြစ်မြောက်ရေးအတွက် ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုစန်းကိုက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

အဆိုပါပွဲကို သံတွဲမြို့ အောင်မြေသာစည် ဆရာတော် အရှင်ကုသလ၏လမ်းညွှန်ချက်ဖြင့် ဒွါရာဝတီလူငယ်များက ပွဲဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းလုပ်ဆောင်နေကြခြင်းဖြစ်သည်ဟု ဆိုသည်။

ငပလီ ကမ်းခြေ၌ ပထမအကြိမ်သျှစ်သောင်းမြှောက်ပွဲကို ၂၀၁၇ ခုနှစ်က သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှု မြှင့်တင်ရေးအဖွဲ့၏ ကူညီဆောင်ရွက်မှုဖြင့် လုပ်ဆောင်ခဲ့ပြီး အလွန်စည်ကားခဲ့သည်ဟု သိရသည်။

“ပထမနှစ်တုန်းကလည်း စည်စည်ကားကား ကျင်းပနိုင်ခဲ့ကြပါတယ်။ နိုင်ငံခြားသား ခရီးသွားတွေကလည်း ပါဝင်ဆင်နွှဲခဲ့ကြပြီးတော့ ဒီလိုပါဝင်ဆင်နွှဲခွင့်ရတဲ့အတွက် ပျော်ရွှင်ကြတယ်၊ သူတို့အတွက် အမှတ်တရ ဖြစ်စေတယ်၊ သဘောကျတယ်လို့ ပြောဆိုခဲ့ကြပါတယ်”ဟု ကိုစန်းကိုကပြောသည်။

ဒုတိယအကြိမ်မြောက် သျှစ်သောင်းမြှောက်ပွဲတွင် မင်္ဂလာစေတီတည်ပြီး ရခိုင်စည်ဖြင့် အခမ်းအနားကို ဖွင့်လှစ်မည်ဖြစ်ပြီး၊ မိမိတို့ကြိုက်နှစ်သက်ရာ စေတီများကိုတည်ခြင်း၊ ပွဲတော်သို့ လာရောက်သူများကို မုန့်ကျွေးခြင်း အချိုရည်ကျွေးခြင်း အစီအစဉ်များ ပါဝင်မည်ဖြစ်သည်။

သျှစ်သောင်းမြှောက်ပွဲ (သဲပုံစေတီပွဲ) သည် ရှေးရခိုင်ဘုရင် မင်းအဆက်ဆက် ပြုလုပ်လာသော ပွဲတော်တစ်ခုဖြစ်သည်ဟု သိရှိရသည်။

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...